အင်အားအသင့်သင့်ငလျင်ကြောင့် ရန်ကုန်ပြည်သူတစ်ချို့ စိုးရိမ်စိတ်ဖြစ်ပေါ်


(ပြည်တွင်း) ဩဂုတ် ၂၁

အင်အားအသင့်သင့်ရှိတဲ့ ငလျင်နှစ်ခုကြောင့် ရန်ကုန်မြို့က အထပ်မြင့်နေ ပြည်သူတစ်ချို့ စိုးရိမ်စိတ်တွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အချိန် ၁၄ နာရီအတွင်း နှစ်ကြိမ်လှုပ်ခတ်ခဲ့တဲ့ အင်အားအသင့်သင့်ရှိတဲ့ ငလျင်ကို ရန်ကုန်မြို့က ကြံ့ခိုင်မှုနည်းတဲ့ ကန်ထရိုက်တိုက်တွေမှာနေထိုင်သူ သိသိသာသာခံစားခဲ့ရတယ်လို့လည်း အဲဒီတိုက်အိုတွေမှာနေထိုင်သူတွေက ပြောပါတယ်။

“ညကတစ်ကြိမ်လှုပ်တာလည်း သိသိသာသာပဲ။ လူတွေက အောက်ကိုဆင်းပြေးကြတယ်။ လမ်းကိုဆင်းပြေးကြဖို့ပြောတယ်။ တကယ်သာဆိုရင် လမ်းပေါ်ဆင်းလည်းသေမှာပဲ သိတဲ့အတိုင်းပဲ ရန်ကုန်ကမှာက အထပ်မြင့်တိုက်တွေပဲဝိုင်းနေတာလေ အိမ်ပေါ်မှာနေလို့ ကံကောင်းရင်လွတ်အုံးမယ်” လို့ ဘိုတထောင်မြို့နယ်က အထိပ်မြင့်တိုက်ခန်းမှာနေထိုင်တဲ့ ကိုကျော်လွင်ဆိုသူက ပြောပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် (၁၉)နာရီ (၁၆)မိနစ် (၁၉) စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းကနေ အနောက်တောင်ဘက် (၅၆) မိုင်ခန့်ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင်၊ (ဖျာပုံမြို၏ အရှေ့တောင်ဘက် (၂၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆ ဒသမ ၀၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၉၄) ဒီဂရီ၊ အနက် (၁၁၈) ကီလိုမီတာကို ဗဟိုပြုလို အင်အားရစ်ချ်တာ စကေး (၄ ဒသမ ၈) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သလို ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၂၈)မိနစ်၊ (၀၆) စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းက တောင်ဘက် (၅၄) မိုင်ခန့်ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင်၊ (ကွမ်းခြံကုန်းမြို့၏ အရှေ့တောင်ဘက် (၂၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆ ဒသမ ၀၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၂၂) ဒီဂရီ၊ အနက် (၂၈) ကီလိုမီတာကို ဗဟိုပြုလို့ အင်အားရစ်ချ်တာစကေး (၅ ဒသမ ၁) အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

မြေငလျင်တွေဟာပြင်းအား (၅ ဒသမ ၁) အဆင့်အထိလှုပ်ခတ်ခဲ့ပေမယ့် အနက်ကလည်း ၁၇ မိုင်ကျော်ကနေလှုပ်ခတ်တာပို့ သိသာယုံလောက်သာရှိခဲ့တာဖြစ်ပြီး အနက်ပေနည်းခဲ့ရင် ကြံ့ခိုင်မှုနည်းပါးတဲ့အဆောက်အအုံတွေ ပြိုပျက်နိုင်တာမို့ ရန်ကုန်မြို့က တိုက်အိုတွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးဖို့လိုအပ်တယ်လို့လည်း မြို့ခံတွေက ပြောဆိုထားပါတယ်။

PAN