(ပြည်တွင်း) ဩဂုတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကြောင့် နောင်ချိုမြို့မှ DVB T2 စနစ်ဖြင့် ထပ်ဆင့်ထုတ်လွှင့်ပေးသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)အစီအစဉ်များကို ၂၀၂၄ ခုနှစ် ဇွန် ၃၀ ရက်မှ စတင်ပြီး ယာယီရပ်နားထားခဲ့ရာမှ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းမှစ၍ ပြန်လည်ထုတ်လွှင့်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နောင်ချို ထပ်ဆင့်လွှင့်စက်ရုံမှ DVB T2 စနစ်ဖြင့် ပြန်လည်ထုတ်လွှင့်နိုင်ရန်အတွက် နေပြည်တော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စက်မှုဌာနခွဲမှ ကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့သည် ဩဂုတ် ၁၇ ရက် ညနေပိုင်းမှစ၍ ထိခိုက်ပျက်စီးခဲ့သည့် ထုတ်လွှင့်ရေးတာဝါတိုင်၊ ထုတ်လွှင့်ရေးအင်တီနာနှင့် High Frequency Feeder Cable တိုအား နေ့/ညကြိုးပမ်းပြုပြင်ခြင်း၊ ပျောက်ဆုံးခဲ့သည့် လွှင့်စက်နှင့် ဆက်စပ်ပစ္စည်းများအား အစားထိုးတပ်ဆင်ခြင်းများဖြင့် ဦးစားပေးစီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာ့အသံရေဒီယိုနှင့် FM အစီအစဉ်များ ပြန်လည်ထုတ်လွှင့်နိုင်ရေးအတွက်လည်း ဆက်လက်ပြုပြင်လျက်ရှိပြီး စက်ရုံအဆောက်အအုံနှင့် အုတ်တံတိုင်းပျက်စီးမှုများကိုလည်း ဆက်လက်ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော အစီအစဉ်များကို DTH စနစ်ဖြင့်လည်း နိုင်ငံတစ်ဝန်းသို တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။