မြစ်ကြီးနားရှိ ယာယီတိမ်းရှောင်စခန်းနေသူများအား အခြေခံစားသောက်ကုန်များထောက်ပံ့


(ပြည်တွင်း) ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီး(ရွှေအိုက်)ရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများယာယီတိမ်းရှောင်စခန်းတွင် ရောက်ရှိနေသူများအား သြဂုတ်လ ၁၇ ရက်နေ့လည် ၃ နာရီက အခြေခံစားသောက်ကုန် များကို ထောက်ပံ့ပေးခဲ့ကြ ပါတယ်။

ရှမ်းမျိုးနွယ်စုများ ယာယီတိမ်းရှောင်စခန်းတွင်ရောက်ရှိနေသော အိမ်ထောင်စု ၁၃၆ စုအတွက် ဆန် ၂၄ ပြည်ပါ ဆန်အိတ် ၁၃၆ အိတ်နှင့် ဆီ ၁၃၆ ပိဿာ၊ ကျောင်းသားကလေးငယ် ၁၆၅ ဦးတို့ အတွက် ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။

ဒါ့အပြင် ပြည်နယ်ဝန်ကြီးချုပ်က စခန်းအတွင်းရှိ ယဉ်ကျေးလိမ္မာဓမ္မစကူး သင်တန်းမှ ကလေးငယ်များအတွက် အာဟာရကျွေးမွေးစရိတ်အဖြစ် ငွေကျပ် ၁၀ သိန်းနှင့် ယာယီအိပ်ဆောင်များပြုပြင် တိုးချဲ့ဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ် ၁၀ သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ထို့နောက်ပြည်နယ် ဝန်ကြီးချုပ်မှ စခန်းအတွင်းရေဝပ်ဧရိယာဖြစ်ပေါ်နေမှုနှင့် နန်းကွေ့ချောင်းရေတိုက်စားမှုတို့ကို ကြည့်ရှုစစ်ဆေး၍ ‌စခန်းအတွင်းရေဝပ်သည့်နေရာများအား သဲ/ကျောက်ခင်းပေး နိုင်ရေးနှင့် ချောင်းရေတိုက်စားမှုကို ကွင်းဆင်းဆောင်ရွက် နိုင်ရေးအတွက် ညှိနှိုင်းပေးခဲ့ကြောင်း သိရပါတယ်။

PAN