မိုးခေါင်မှုကြောင့် တူရကီနိုင်ငံက ရေလှောင်ကန်တွေမှာ ရေလျော့နည်းလာ


(နိုင်ငံတကာ) ဩဂုတ် ၁၉

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာ မိုးခေါင်ရေရှားမှုကြောင့် အဆိုပါဒေသမှာရှိတဲ့ ပင်မရေလှောင်တမံတွေမှာ သောက်သုံးရေပြတ်တောက်တာတွေဖြစ်ပေါ်လာလို့ နေအိမ်အချို့ ရက်သတ္တပတ်များစွာကြာအောင် ရေပြတ်တောက်လာတာကြောင့် နေအိမ်တွေကို စွန့်ခွာမှုတွေရှိနေတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေကတော့ မိုးခေါင်ရေရှားမှုကိုအရေးကြီးတဲ့ပြဿနာအဖြစ်သတ်မှတ်ထားပြီး ပြည်နယ်အများအပြားဟာလည်း ယခုနှစ်နွေရာသီမှာ ရေချိုရရှိဖို့ အကန့်အသတ်တွေရှိနေတယ်လို့ သိရပါတယ်။

တူရကီရဲ့တတိယလူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ အစ်ဇမာ ရဲ့ ဒေသအသီးသီးမှာ ယခုလအတွင်း မကြာခဏ ရေပြတ်တောက်မှုတွေ ကြုံတွေ့နေရပြီး အနောက်ပိုင်း “အူရှာ့(ခ)မြို့” ပြည်နယ်မှာ ရှိတဲ့ ပင်မရေလှောင်ကန်ဟာ တစ်နေ့ကို ခြောက်နာရီခန့်သာရေသုံးစွဲနိုင်မယ်လို့ မြူနီစပယ်အဖွဲ့က သီတင်းပတ်ကုန်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

တူရကီနိုင်ငံ မိုးလေဝသဌာနရဲ့ အဆိုအရ နိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့နှစ်ကစလို့ အခုနှစ်ဇူလိုင်လအထိ မိုးရေချိန် ၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့သိရပြီး Tekirdag နဲ့ အစ်စတန်ဘူလ် တို့မှာပါဝင်တဲ့ မာမရာ ဒေသမှာတော့ ဇူလိုင်လရဲ့ ပုံမှန်မိုးရေချိန်ထက် ၉၅ ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့ဆိုပါတယ်။

မာမရာဒေသမှာတော့ ပုံမှန်မိုးရွာသွန်းမှုရဲ့ ၃၂ ရာခိုင်နှုန်းကိုကျဆင်းခဲ့ပြီး တူရကီတစ်ဝှမ်းမှာ ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာကြောင့် ၅၂ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

ဇွန်လနဲ့ ဇူလိုင်လတွေမှာ မိုးရွာသွန်းမှု မတွေ့ရသေးတဲ့ “တက်ကီးဒါး” မှာရှိတဲ့ Naip ဆည်မှာရှိတဲ့ ရေပမာဏဟာ သြဂုတ်လမှာ သုညရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် အာဏာပိုင်တွေဟာ အိမ်တွင်းအသုံးပြုဖို့အတွက် ဆည်မြောင်းရေပေးဝေခြင်းနဲ့ မြို့ပြဒေသတွေကို ပေးပို့ဖို့အတွက် ပန့်စနစ်တည်ဆောက်ခြင်းအပြင် အခြားရွေးချယ်စရာတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။

PAN