ပြည်ပကို ရော်ဘာတန်ချိန် ၃ သိန်းကျော်တင်ပို့နိုင်ဖို့ရည်မှန်းထား


(စီးပွားရေး) ဩဂုတ် ၁၉

ယခုဘဏ္ဍာနှစ်မှာ ပြည်တွင်းကထုတ်လုပ်တဲ့ မြန်မာ့ရော်ဘာတွေ ပြည်ပကို တန်ချိန် ၃၈၀,၀၀၀ ခန့် တင်ပို့နိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ပြောပါတယ်။

ပြည်တွင်းက နှစ်စဉ်ထုတ်လုပ်နေတဲ့ ရော်ဘာတွေရဲ့ ၆ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းမှာ အသုံးပြုပြီး ၉၄ ရာခိုင်နှုန်းခန့်ကိုတော့ ပြည်ပကို တင်ပို့ရောင်းချနေပြီး တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနဲ့ ဗီယက်နမ်စတဲ့ နိုင်ငံတွေကိုလည်း အဓိကထားတင်ပို့နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အရည်အသွေးပြည့်မီတဲ့ အဆင့်မြင့်ရော်ဘာတွေထုတ်လုပ်ပြီး ပြည်ပကိုတိုးမြှင့်တင်ပို့နိုင်ဖို့ ရော်ဘာလုပ်ငန်းရှင်တွေကို နိုင်ငံတော်ကချေးငွေတွေ ထုတ်ချေးပေးထားသလို ရော်ဘာမှိုင်းရုံလုပ်ငန်းရှင်တွေကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ သက်သာတဲ့အတိုးနှုန်းနဲ့ ချေးငွေတွေထုတ်ပေးနေတယ်လို့လည်း သိရပါတယ်။

ပြည်တွင်းမှာ ရော်ဘာကို မွန်ပြည်နယ်မှာ အများဆုံးစိုက်ပျိုးပြီး တနင်္သာရီတိုင်းဒေသကြီးမှာ ဒုတိယ အများဆုံးစိုက်ပျိုးကာ ကရင်ပြည်နယ်ကတော့ တတိယအများဆုံး စိုက်ပျိုးကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာလည်း ရော်ဘာပင်တွေ အများအပြားစိုက်ပျိုးကြတဲ့အပြင် ယခု နောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ဒေသတချို့မှာလည်း ရော်ဘာခြံတွေ စိုက်ပျိုးကြတာဖြစ်ပါတယ်။

PAN