(ပြည်တွင်း) ဩဂုတ် ၁၉
ဒေသခံပြည်သူတွေ သူ့အရပ်သူ့ဒေသမှာ အေးအေးချမ်းချမ်းနဲ့ ရပ်တည်လို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)တို့ မြဝတီမြို့အနီးမှာရှိတဲ့ ဆုံဆည်းမြိုင်ဒေသက DKBA ဌာနချုပ် ဩဂုတ် ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို DKBA ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှ တို့ တက်ရောက်ခဲ့ကြသလို နယ်ခြားစောင့်တပ် ( BGF ) ကရင်ပြည်နယ်စစ်ဒေသ ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း၊ စစ်ဒေသ ၄ စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံမှုနဲ့ပတ်သက်ပြီး စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင် ဒေသခံပြည်သူတွေ သူ့အရပ်သူ့ဒေသမှာ အေးအေး ချမ်းချမ်းနဲ့ ရပ်တည်လို့ရအောင်၊ လုပ်ကိုင်စားသောက် လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့တွေ့ဆုံရတာလို့ ဒေသတွင်းမီဒီယာတစ်ခုကို ပြောဆိုထားတာတွေ့ရပါတယ်။