(နိုင်ငံတကာ) ဩဂုတ် ၁၉

စပိန်နိုင်ငံ အိုက်ဗေရီးရန်း ကျွန်းဆွယ်တစ်လျှောက်မှာ တောမီးလောင်ကျွမ်းမှုတွေဖြစ်ပွားနေတာကြောင့် နိုင်ငံအတွင်းက မီးသတ်သမားတွေနဲ့ စစ်တပ်က တပ်ဖွဲ့ဝင် ၄၀၀၀ကျော်နဲ့ ငြိမ်းသတ်နေရတယ်လို့ သိရပါတယ်။

စပိန်နိုင်ငံအတွင်း တောမီးလောင်မှု ၂၃ ခု အထိရှိနေပြီး နိုင်ငံ့အနောက်မြောက်ပိုင်းမှာ အစိုးရိမ်ရဆုံးအခြေအနေရှိနေတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာနေရာတွေကို နိုင်ငံအတွင်းကမီးသတ်သမားတွေအပါအဝင် ဥရောပမဟာမိတ်နိုင်ငံတွေက မီးသတ်သမားတွေနဲ့ စက်ပစ္စည်းကိရိယာတွေကိုပါ အလျင်အမြန် ဖြန့်ကျက်ချထားပြီး ငြိမ်းသတ်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
အိုက်ဗေရီးရန်း ကျွန်းဆွယ်ဟာ ဥရောပတောင်ပိုင်းမှာ အဆိုးရွားဆုံး တောမီးနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ယခုနှစ်တွေအတွင်း စံချိန်တင် အပူလှိုင်းမြင့်တတ်မှုကြောင်း လောင်ကျွမ်းရတာဖြစ်တယ်လို့ ပြည်နယ်မိုးလေဝသအေဂျင်စီရဲ့ တာဝန်ရှိသူကပြောပါတယ်။
အိုက်ဗေရီးရန်း ကျွန်းဆွယ်တစ်ဝှမ်းမှာ ထောင်နဲ့ချီတဲ့ မီးသတ်သမားတွေဟာ ပြင်းထန်တဲ့ မီးတောက်တွေကြောင့် အပူဒဏ်ကိုအပြင်းအထန်ခံစားခဲ့ရပြီး မီးလောင်မှုကြောင့် လူ ၈ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ပြည်နယ်မိုးလေဝသအေဂျင်စီရဲ့ တာဝန်ရှိသူ ဂျာဗာရိုဒရီုဂွက်စ် က ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဗီကာဒက်စ်မဲစ် မှာ လူတော်တော်များများဟာ သူတို့ရဲ့ ပါးစပ်ကို မျက်နှာဖုံးစွပ်ပြီး သစ်ပင်အကိုင်းအခက်တွေကို ထမ်းကာ မီးသတ်သမားတွေကို ဝိုင်းဝန်း ကူညီခဲ့ကြပြီး “အပူလှိုင်းမငြိမ်မချင်း ဒီအခြေအနေကို ကျွန်တော်တို့ မငြိမ်းသတ်နိုင်ပါဘူး ရာသီဥတုပြောင်းလဲမှုကြောင့် ထူးခြားသောလက္ခဏာတွေဖြစ်လာတာလို့” ဒေသခံတွေက အေဂျာဇီယား ကို ပြောပါတယ်။
စပိန်နိုင်ငံမှာ အပူလှိုင်းဖြတ်သန်းနေပြီး အပူဆုံးအချိန်ဟာ ၁၁၄ ဒီဂရီဖာရင်ဟိုက် အထိမြင့်တက်လာပြီးနောက် တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားလာကာ ၁၉၇၅ ခုနှစ်နောက်ပိုင်းမှာ တတိယမြောက်အရှည်ဆုံးဖြစ်ခဲ့တယ်လို့ ဂျာဗာရိုဒရီုဂွက်စ် ပြောပါတယ်။
စပိန်နိုင်ငံမှာဖြစ်ပွားတဲ့ မီးလောင်မှုဟာ ယခုနှစ်အတွင်း မြေဧရိယာ ၃၄၄၀ စတုရန်းကီလိုမီတာ မီးလောင်ကျွမ်းခဲ့ပြီး၊ ၂၀၀၆ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း အကြီးမားဆုံး ပမာဏဖြစ်တယ်လို့ ဥရောပသမဂ္ဂ အချက်အလက်တွေအရ သိရပါတယ်။
စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက် ဟာ ဥရောပသမဂ္ဂထံက အကူအညီတွေ တောင်းခံပြီးနောက် ပြင်သစ်နိုင်ငံက မီးသတ်သမား အယောက် ၁၀၀ ပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့ကို စေလွှတ်ခဲ့သလို ဂျာမနီကလည်း မီးသတ်သမား ၆၆ ဦးနဲ့ မီးသတ်ယာဉ် ၂၁ စီး၊ ဖင်လန်နိုင်ငံကတော့ မီးသတ်သမား အယောက် ၃၀ စေလွှတ်ပေးထားတယ်လို့ သိရပါတယ်။