အသက်မပြည့်တဲ့ကလေးငယ်နဲ့ အမျိုးသမီး (၃) ဦး အဓမ္မကျင့်တဲ့ UWSA ခရိုင်မှူး ကို ထောင်ဒဏ်ချမှတ်

(မှုခင်း) ​သြဂုတ် ၁၇

အသက်မပြည့်တဲ့ကလေးငယ်အပါအဝင် အမျိုးသမီး (၄) ဦးကို လိင်မှုဆိုင်ရာ အဓမ္မကျင့် စော်ကားခဲ့တဲ့ ဟိုပန်မြို့ခရိုင်မှူး တာ့ညီလင်းကို UWSA က ရာထူးဆိုင်းငံ့လိုက်ပြီး လျော်ကြေးငွေယွမ် (၃) သိန်းနဲ့ ထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဟိုပန်မြို့ခရိုင်မှူးနဲ့အတူ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နဲ့ ယဥ်ကျေးမှုအသင်းခေါင်းဆောင်အသီးသီး ကလည်း ကြံရာပါတွေအနေနဲ့ပါဝင်နေတာတွေ့ရတာကြောင့် လက်ရှိရာထူးတွေ လျော့ချလိုက်ပြီး သုံးလစီ အနားပေးထားတယ်လို့ သိရပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင်အမျိုးသမီးငယ် (၄) ဦးကို အဓမ္မကျကျင့်ခဲ့တာထင်ရှားတာကြောင့် UWSA – တရားစီရင်ရေးဌာနက သြဂုတ် ၁၆ ရက်က UWSA ရဲ့ ခရိုင်မှူး တာ့ညီလင်းကို လူထုရှေ့မှာ တရားစီရင်ချက် ချမှတ်ခဲ့တယ်လို့ ဟိုပန်မြို့သတင်းနဲ့ ပြန်ကြားရေးဌာနက အတည်ပြုပြောဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ UWSA ရဲ့ ခရိုင်မှူး တာ့ညီလင်းကို “ဝ” ​ဒေသ တရားစီရင်ရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီးတဲ့နောက် သကိသေတွေရဲ့အတည်ပြုထွက်ဆိုချက်တွေအရ အခုလိုအရေးယူလိုက်တာလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောဆိုထားကြပါတယ်။

#PAN