(မှုခင်း) သြဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့တွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၅ ဦးအား တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်ရာတွင် အသုံးပြုသော Starlink စက် ၄ လုံး၊ ဖုန်းမျိုးစုံ ၃၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မိုင်းဖြတ်မြို့ဝင် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ယာဉ်ဝင်/ထွက်များအား စစ်ဆေးနေစဉ် ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ 5J-1675 TOYOTA WISH အမျိုးအစား အဖြူရောင်(စိစစ်ဆဲ)ယာဉ်အား စစ်ဆေးခဲ့ရာ ရပ်တန့်အစစ်ဆေးခံခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအနီးတွင် သတင်းများအရ လုံခြုံရေးပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် ပိတ်ဆို့ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အဆိုပါယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ပြီး ယာဉ်မောင်းနှင်သူ အားချေ၊ (ဘ)ဦးချီးဂျေ၊ အသက် ၃၅ နှစ်၊ မိုင်းဇင်းကျေးရွာ၊ ကျိုင်းတုံမြို့နေသူနှင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၅ ဦးနှင့်အတူ တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်ရာတွင် အသုံးပြုသော Starlink စက် ၄ လုံး၊ ဖုန်းမျိုးစုံ ၃၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ တရုတ်နိုင်ငံသား ၅ ဦးအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့၏ နေရပ်အသီးသီးတွင် အလုပ်အကိုင်အဆင်မပြေကြသဖြင့် ၂၀၂၄ မတ် ၁၀ ရက်ခန့်တွင် မြန်မာနိုင်ငံ၊ မိုင်းပေါက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မိတ်ဆွေဖြစ်သူ အားဟွေ နှင့် Wechat မှတစ်ဆင့် အဆက်အသွယ်ရရှိခဲ့ပြီး အလုပ်လုပ်ကိုင်လိုကြောင်းပြောဆိုခဲ့ရာ အားဟွေမှ မြန်မာနိုင်ငံ၊ မိုင်းပေါက်မြို့တွင် အလုပ်လာရောက်လုပ်ကိုင်လိုပါက ကူညီပေးမည်ဟုပြောဆိုခဲ့ကြောင်း၊ ၂၀၂၄ မတ် ၁၃ ရက်နေ့တွင် ၎င်းတို့ နေရပ်အသီးသီးမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် မြန်မာနိုင်ငံ၊ ပန်ဆန်းမြို့၊ မုန်းအတံတားအနီးမှ တရားမဝင် ဝင်ရောက်ခဲ့ရာ မိုင်းပေါက်မြို့သို့ ရောက်ရှိခဲ့ပြီး မိုင်းပေါက်မြို့ရှိ ရှင်းလီ ကာစီနို လောင်းကစားရုံ၌ တစ်လလျှင် တရုတ်ယွမ် ၁၅၀၀၀ ယွမ်ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
၎င်းနောက် မိုင်းပေါက်မြို့၌ တရုတ်နိုင်ငံသားများ ဖမ်းဆီးစစ်ဆေးမှုများရှိသဖြင့် ၂၀၂၅ ဇူ ၅ ရက်တွင် မိုင်းပေါက်မြို့အနီးရှိ “ဝ”လူမျိုး အိုက်ကပ်ပိုင် ရော်ဘာခြံတွင် သွားရောက် ပုန်းခို နေထိုင်ခဲ့ကြောင်း၊ ၂၀၂၅ ဩ ၈ ရက်တွင် ၎င်းတို့နှင့် Wechat မှတစ်ဆင့် ခင်မင်ရင်းနှီးခဲ့သည့် ဝမ်မင် ဆိုသူမှ လာအိုနိုင်ငံ၊ ဘော်ကဲယိုးပြည်နယ်၊ ဟွေဆိုင်းခရိုင်၊ တုံဖုန်မြို့နယ် အတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုံတွင် အွန်လိုင်းဂိမ်းလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် တစ်လလျှင် တရုတ်ငွေယွမ် ၁၅၀၀၀ ဖြင့် လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လာရောက်မည်ဆိုပါက စီစဉ်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်လာသဖြင့် ၂၀၂၅ ဩဂုတ်လ ၁၀ ရက် နံနက် ၈ နာရီ အချိန်တွင် တရုတ်လူမျိုး ဝမ်မင် စီစဉ်ပေးသော မော်တော်ယာဉ်ဖြင့် မိုင်းပေါက်-မိုင်းဖျန်-မိုင်းလွေ-မိုင်းခတ် လမ်းကြောင်းအတိုင်း စစ်ဆေးရေးဂိတ်များအား ရှောင်ကွင်း၍ တောလမ်းအတိုင်း လိုက်ပါခဲ့ရာ ည၁၀ နာရီတွင် အမည်မသိရွာတစ်ရွာသို့ ရောက်ရှိပြီး နေအိမ်တစ်ခုတွင် တစ်ည အိပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဩဂုတ်လ ၁၁ ရက်နံနက် ၇ နာရီအချိန်တွင် ၎င်းနေရာမှ ဆိုင်ကယ်များဖြင့် ဆက်လက်ထွက်ခွာ ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်တွင် ရေချောင်းသို့ ရောက်ရှိခဲ့ပြီး ဖောင်ဖြင့်ကူးခဲ့ကာ အသင့်စောင့်ဆိုင်းနေသည့် မော်တော်ယာဉ် ၁ စီးပေါ်သို့ ဆက်လက်လိုက်ပါခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဖမ်းဆီးရမိ တရုတ်နိုင်ငံသားအား ပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား အားချေအား စစ်ဆေးမေးမြန်းချက်အရ ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကျေးရွာနေ သူငယ်ချင်းဖြစ်သူ အားလင်(အာခါလူမျိုး)မှ တရုတ်နိုင်ငံသားများသယ်ဆောင်ရန်ရှိကြောင်း၊ တရုတ်နိုင်ငံသားများအား ကျိုင်းတုံမြို့နယ်၊ ၁၃ မိုင်အနီးရှိ နမ့်လွေချောင်းမှတစ်ဆင့် တာချီလိတ်မြို့သို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း ပို့ဆောင်ခအနေဖြင့် တစ်ဦးလျှင်တရုတ်ယွမ် ၃၅၀၀ ပေးမည်ဟုပြောဆိုသဖြင့် သဘောတူလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင် ၎င်းနေအိမ်မှ ထွက်ခွာခဲ့ရာ နံနက် ၆ နာရီအချိန်တွင် ၁၃ မိုင်အနီး နမ့်လွေချောင်းသို့ သွားရောက် စောင့်ဆိုင်း နေစဉ် မော်တော်ဆိုင်ကယ် များဖြင့် လာရောက်ပို့ဆောင်သည့် တရုတ်နိုင်ငံသား ၅ ဦးအား တင်ဆောင်၍ ယန်းလှဂိတ်အားရှောင်ကွင်း၍ ကမ္ဘာအေးလမ်းကြောင်းအတိုင်း ထွက်ခွာခဲ့ကြောင်း နောင်နွန်း ပူးပေါင်း စစ်ဆေးရေးဂိတ်အား ယန်းလူးလမ်းခွဲမှရှောင်ကွင်း၍ ဆက်လက်ထွက်ခွာလာခဲ့ရာ မိုင်းဖြတ်မြို့အဝင်ဂိတ်၌ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ရာမှ မိုင်းဖြတ်မြို့၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအနီး၌ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။