(ပြည်တွင်း) ဩဂုတ် ၇
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့နဲ့ ထူးခြားဖြစ်စဉ်သတင်းတွေရှိလာပါက အချိန်နဲ့တစ်ပြေးညီတင်ပြဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဌာနဆိုင်ရာတွေကို မှာကြားထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေဟာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ ဩဂုတ် ၅ ရက် မနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမမှာ ပြုလုပ်တဲ့ (၈/၂ဝ၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ မှာကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းရဲ့မှာကြားချက်တွေမှာတော့ ရန်ကုန်မြို့တော်သန့်ရှင်းသာယာလှပရေးနဲ့ မိမိတို့ရုံးဌာနတွေ သန့်ရှင်းသာယာလှပရေးအတွက် အလေးထားဆောင်ရွက်ဖို့လိုအပ်ပြီး သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ကိုဗစ်ရောဂါတွေ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ထားရှိဖို့ ၊ မိုးရွာပြီးချိန် လမ်တွေပေါ်မှာ ရေတင်နေမှုတွေမရှိစေရေး ရေစီးရေလာကောင်းမွန်စေရေး၊ ရေမြောင်းပိတ်ဆို့မှုတွေမရှိစေရေး ဆောင်ရွက်ထားဖို့မှာကြားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းကလည်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ဦးတည်ချက်(၄)ရပ်၊ အမိန့်၊ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေအား ဖတ်ကြားရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနရဲ့ တာဝန်ရှိသူက လုပ်ငန်းအခြေအနေတွေကို ဖတ်ကြားရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
#PAN