ပြင်ဦးလွင်မြို့တွင် ရေဆေးဆီလိုက်ဆိုင်ဝန်းအတွင်း ကားမီးလောင်မှုဖြစ်ပွား

(မှုခင်း) ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ရေဆေးဆီလိုက်ခြံဝန်းအတွင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၅ ရက်နေ့၊ နံနက် ၁ နာရီ ၅၀ မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ နဝရတ်လမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ “ရဲရင့်”ရေဆေးဆီလိုက် ခြံဝန်းအတွင်းတွင် ရပ်ထားသော ပိုင်ရှင် ဦးအောင်ခန့်၏ HYUNDAO COUNTY ယာဉ်မှာ တပ်ဆင်ထားသော ဘတ္ထရီအိုးမှ Short Circuit ဖြစ်ပြီး မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုနေရာသို့ ပြင်ဦးလွင်ခရိုင် အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်(၃)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် HYUNDAO COUNTY ယာဉ်အတွင်းခန်းရှိ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။