ယာယီသမ္မတဦးမြင့်ဆွေ အထူးစိုးရိမ်ဖွယ်ရာအခြေအနေရောက်ရှိနေ

(ပြည်တွင်း) သြဂုတ် ၅

ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယာယီသမ္မတ ဦးမြင့်ဆွေ၏ လက်ရှိအခြေအနေကျန်းမာရေးအခြေအနေနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှကျန်းမာရေး စစ်ဆေး မှုများဆောင်ရွက်ခဲ့ဟု ထုတ်ပြန်ချက်က ပြောဆိုထားသည်။

ကျန်းမာရေးစမ်းသပ်စစ်ဆေးချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson’s Disease) ၊၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကိုတွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံMount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ၁၈ ရက်နေ့အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်းဆေးကုသမှုများခံယူခဲ့သည်ဟု သိရသည်။

ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့်ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက်လက်ပြုလုပ်ခဲ့ဟုဆိုသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့်အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူနေခဲ့ဟုသိရသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

PAN