မြောက်ကိုရီးယားအား နျူကလီးယားအင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် လိုအပ်ဟု အမေရိကန် အား ကင်ယိုဂျုံပြော

(နိုင်ငံတကာ)  ဇူလိုင် ၃၀

အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားအင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာကြောင်းကို အသိအမှတ်ပြုရန်လိုအပ်သည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံက ပြောကြားသည်ဟု KCNA သတင်းအေဂျင်စီက ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်သည်။

ကင်ယိုဂျုံသည် လက်ရှိတွင် ကိုရီးယားအလုပ်သမားများပါတီ၊ ဗဟိုကော်မတီ၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး အမေရိကန် အနေဖြင့် အနာဂတ် ကာလတွင် ကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲများတွင် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယား အင်အားကြီးလက်နက်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြု၍ ဆက်ဆံရမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောကြားထားသည်။

ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တို့အကြား ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုများကိုအသုံးချ၍ မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားဖျက်သိမ်းရန်မကြိုးပမ်းသင့်ကြောင်း ကင်ယိုဂျုံက ဆက်လက်သတိပေးထား သည်။

မြောက်ကိုရီးယားနိုင်ငံ၏အဆိုပါရပ်တည်ချက်ကို ငြင်းဆိုမည့် မည်သည့်ကြိုးပမ်း လုပ်ဆောင်မှုကိုမဆို မြောက်ကိုရီးယားအစိုးရက ငြင်းပယ်မည်ဖြစ်ပြီး မိမိတို့အနေဖြင့် နိုင်ငံ၏လက်ရှိရပ်တည်ချက်ကို ခုခံကာကွယ်ရန်အတွက် ရနိုင်သည့် နည်းလမ်းများကို အသုံးပြုမည်ဖြစ်ကြောင်း ကင်ယိုဂျုံ က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် လက်ရှိတွင် နျူကလီးယား လက်နက်ပေါင်း ၅ဝ ခန့်ကို ပိုင်ဆိုင်ထားသည်ဟု ယူဆရပြီး အဆိုပါလက်နက်များသည် နိုင်ငံအတွက် အရေးပါသည့် ကာကွယ် တားဆီးရေးလက်နက်များ အဖြစ်ယူဆလျက် ရှိသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။