MDY- PDF အဖွဲ့ဝင် ၁၃ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

(ပြည်တွင်း) ဇူလိုင် ၂၇

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် MDY- PDF အဖွဲ့ဝင် ၁၃ ဦး ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် MDY-PDF အဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုး စီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကိုလက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကိုခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင် အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက် ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် MDY-PDF အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၁၃ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် မန္တလေးမြို့ရှိနယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြကြောင်း သိရှိရသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသည့် MDY-PDF အဖွဲ့များမှ အဖွဲ့ဝင်များအား ဝန်ခံကတိလက် မှတ် ရေးထိုးစေပြီးမိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးကြောင်း သိရှိရသည်။

ထို့နောက် ၎င်းတို့အား တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ပြီး၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဇူလိုင် ၁၇ ရက်နေ့မှ ယနေ့အထိ TNLA အဖွဲ့ဝင် ၄ ဦး ၊ DPLA အဖွဲ့ဝင် ၄၁ ဦး နှင့် MDY-PDF အဖွဲ့ဝင် ၅၂ ဦး၊ စုစုပေါင်း ၉၇ ဦးတို့သည် လက်နက်မျိုးစုံ ၁၃ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူပြန်လည်ဝင်ရောက်လာခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

#PAN