(ပြည်တွင်း) ဇူလိုင် ၂၇
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဒေါင်းရွာကျေးရွာမှာနေထိုင်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို KNUနဲ့PDF ပူးပေါင်းအဖွဲ့တွေက ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၆ ရက် ည ၇ နာရီခွဲအချိန်ခန့်က ဘီးလင်းမြို့နဲ့ (၅)မိုင်ခန့် အကွာ တဘက်ဆွဲကျေးရွာအုပ်စု၊ ဒေါင်းရွာကျေးရွာနေသူ စောဘခက် ဟာ ကျေးရွာအနီးက ရာဘာခြံကိုသွားရောက်ခဲ့ပြီး နေအိမ်ကိုပြန်လာချိန် ခြံစပ်အနီး အသင့်စောင့်နေတဲ့ KNUနဲ့PDF ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
(၄၉)နှစ်အရွယ် စောဘခက် ဟာ ရာအိမ်မှူးလည်းဖြစ်သလို မြို့မပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ကျေးရွာနဲ့ ရွာသူရွာသားတွေကို ဒုက္ခပေးတာမျိုး မရှိခဲ့ဖူးဘူးလို့ ဒေသခံတွေကပြောဆိုကြပါတယ်။

KNU နဲ့ PDF အဖွဲ့က အမျိုးသား (၂) ဦးက လက်နက်ငယ်နဲ့ (၃) ချက် ပစ်ခတ်ခဲ့တာကြောင့် စောဘခက်ရဲ့ ဝဲလက်ခုံရှပ်ထိဒဏ်ရာ(၁)ချက်၊ ဝဲလက်ဖျံ ရှပ်ထိ ဒဏ်ရာ (၁)ချက်၊ ဝဲနံစောင်းဖောက်ဝင် ဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ မော်လမြိုင်မြို့ရှိ အမှတ် -၅/၃၀၀ တပ်မတော်ဆေးရုံကိုပို့ဆောင်ကာ ဆေးဝါးကုသမှုဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
စောဘခက်ကိုလာရောက်ပစ်ခတ်တဲ့ အဖွဲ့ဟာ ဘီးလင်းမြို့ အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာ ရွှေရောင်ပြ ကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာဘက်ကိုဆုတ်ခွာထွက်ပြေးသွားခဲ့တာကြောင့် လုံခြုံရေးအဖွဲ့တွေက လိုက်လံနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
#PAN