(ပြည်တွင်း) ဇူလိုင် ၂၆

သောင်ရင်းမြစ်ရေ ပြန်လည် လျော့ကျနေပြီဖြစ်သော်လည်း မြဝတီမြို့ အမှတ် ၅ ရပ်ကွက် သရက်ပင်ဂိတ် အပါအဝင် အနိမ့်ပိုင်းနေအိမ်အချို့မှာ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းအချိန်အထိ ခေါင်မိုးထိလုနီးပါး မြုပ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။
အမြင့်ပိုင်းနေရာများဖြစ်သော ချစ်ကြည်ရေးတံတားထိပ် ဘုရင်နောင်လမ်း၊ ကြံခင်းလမ်းဆုံ နှင့် အမှတ်၅၊ အမှတ်၂ ရပ်ကွက်လမ်းမများတွင် ရေကျသွားပြီဖြစ်သော်လည်း အနိမ့်ပိုင်းကြားလမ်းများ၊ အမှတ်(၃) ရပ်ကွက် မိုးကုတ်ဘုန်းကြီးကျောင်းပတ်ဝန်းကျင်၊ အထက (၂) ကျောင်း ခြံစည်းရိုးပေါ်ရုံမြုပ်နေဆဲဖြစ်ပါတယ်။
မြဝတီမြို့ ရေကြီးရေလျံမှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သော ကြခတ္တောဘုန်းကြီး ကျောင်း၊ တောရဘုန်းကြီးကျောင်း၊ ကိုးနဝင်းဘုန်းကြီးကျောင်း၊ ဓိဌာန်အောင်ဓမ္မာရုံ၊ ဟေမာန်ဦးဘုန်းကြီးကျောင်း၊ ရေပူတောင်ပေါ်ကျောင်း၊ ဓမ္မရန်အောင်ကျောင်းဓမ္မာရုံ၊ ဖားခြောက်ကောင်ဘုန်းတော်ကြီးကျောင်းတို့တွင် စုစုပေါင်း အိမ်ထောင်စု ၈ဝ၈ စု၊ လူဦးရေအမျိုးသား ၁၆၃၅ ဦး၊ အမျိုးသမီး ၁,၆၄၆ ဦး၊ စုစုပေါင်း ၃,၂၈၁ ဦး ရေဘေး ရှောင်နေရကြောင်း သိပါတယ်။
အမှတ် ၂ ရပ်ကွက်၊ စိန်နဂါးဟော်တယ်လမ်း၊ ခွန်ဆာဝင်းအောက်ချိုင့်၊ ကျောက်ဖျာ ဂိတ် အောက်ချိုင့်ရှိနေအိမ်များမှာ ရေထဲနစ်မြုပ်နေဆဲဖြစ်တာကြောင့် ရေဘေးရှောင်များ အနေနဲ့ နေအိမ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။
#PAN