ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများ အရှိန်မြင့်လာပြီး ကုလသမဂ္ဂ အရေးပေါ်အစည်းအဝေး ကျင်းပမည်

(နိုင်ငံတကာ) ဇူလိုင် ၂၅

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကုလသမဂ္ဂတွင် အရေးပေါ် အစည်းအဝေး ကျင်းပမည်ဟု သိရသည်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ဒေသမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာကြောင့် လူတစ်သိန်းကျော် (၁၀၀,၀၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားမှုမှာ ဂျက်လေယာဉ်တွေ၊ အမြောက်တွေ၊ တင့်ကားတွေနဲ့ မြေပြင်တပ်ဖွဲ့တွေ အသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်လို့ သိရသည်။

နှစ်နိုင်ငံစစ်ရေးအခြေအနေဟာ ပိုမိုဆိုးရွားလာတာကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဒီနေ့ အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ကျင်းပဖို့ စီစဉ်ထားတယ်လို့သိရပြီး ဒီအစည်းအဝေးမှာ နှစ်နိုင်ငံအကြား တင်းမာမှုတွေကို လျှော့ချပြီး ငြိမ်းချမ်းရေးရရှိဖို့ နည်းလမ်းတွေကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့သိရပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ်နိုင်ငံတို့ကလည်း ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်ဖက်စလုံးကို အပစ်အခတ် ချက်ချင်းရပ်စဲဖို့ တိုက်တွန်းထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဒီပဋိပက္ခဟာ ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေကို ဖြစ်စေနိုင်တယ်လို့ စိုးရိမ်နေကြကြောင်း သိရပါတယ်။