(နိုင်ငံတကာ) ဇူလိုင် ၂၄

နယ်မြေအငြင်းပွားမှုတွေဖြစ်ပေါ်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ နှစ်ဖက်တပ်တွေအပြန်အလှန်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေရဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း အနည်းဆုံး ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းစစ်တပ်က အတည်ပြုပြောကြားထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း အော်ဒါမန်ချီပြည်နယ်မှာရှိတဲ့ နယ်စပ်ဒေသတစ်မှာ တည်ရှိတဲ့ အငြင်းပွား တမူးသမ် ဘုရားကျောင်းအနီးမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ထိုင်းစစ်တပ်က ဒီနေ့ ဇူလိုင် ၂၄ မနက်ပိုင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ ကင်းထောက်ဒရုန်းတစ်စင်းလွှတ်တင်ကာ လက်နက်ကြီးတွေ တာဝေးပစ် BM21 ဒုံးကျည်တွေနဲ့ပါ် ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒါဟာ ထိုင်းကို ပထမဆုံးတိုက်ခိုက်မှုအဖြစ်ပြောဆိုခဲ့တယ်လို့ အယ်ဂျားဇီးယား သတင်းဌာနက ဖော်ပြကထားပါတယ်။
ကမ္ဘောဒီးယားတပ်ကတော့ သူတို့စစ်သည်တွေဟာ ထိုင်းစစ်တပ်ရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီးနောက် လက်တုံ့ပြန်ခဲ့တာဖြစ်ပြီး မိမိကိုယ်ကို ခုခံကာကွယ်မှုသာ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဩဇာအာဏာကြီးမားတဲ့ ၀န်ကြီးချုပ်ဟောင်း ဟွန်ဆန်ကတော့ ထိုင်းစစ်တပ်ဟာ နှစ်နိုင်ငံနယ်စပ်က ကမ္ဘောဒီးယား ပြည်နယ်နှစ်ခုဖြစ်တဲ့ အော်ဒါမန်ချေး နဲ့ ဖရေး ဗိဟာရ် တို့ကို ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
“ကမ္ဘောဒီးယားစစ်တပ်ကို ပြန်တိုက်ဖို့နဲ့ တန်ပြန်တိုက်ခိုက်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိ” လို့ ဟွန်ဆန်က ပြောဆိုထားသလို ပြည်သူတွေကို တည်ငြိမ်အေးချမ်းစွာနေထိုင်ဖို့နဲ့ ဆန်နဲ့တခြားစားနပ်ရိက္ခာတွေ အလုအယက်မဝယ်ကြဖို့ တောင်းဆိုထားပါတယ်။
နယ်စပ်ဒေသကလွဲလို့ နေရာတိုင်းနဲ့ ကဏ္ဍအားလုံးမှာ ပုံမှန်လုပ်ငန်းကို ဆက်လုပ်ဖို့ကိုလည်း ဟွန်ဆန်က ပြောဆိုထားပါတယ်။
ဇူလိုင် ၁၆ ရက်က ထိုင်းနယ်ခြားတပ်ဖွဲ့တွေဟာ အငြင်းပွားနယ်စပ်တလျှောက် ကင်းလှည့်နေစဉ် ကမ္ဘောဒီးယားရဲ့မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို စစ်သား ၁ ဦးရဲ့ ညာဘက်ခြေထောက်တစ်ဖက်ဆုံးရှုံးပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကမ္ဘောဒီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အူဘွန် ဝလက်ချာဌာနီ ပြည်နယ်က နယ်စပ်တစ်ခုမှာ မြေမြှုပ်မိုင်း နှစ်ခုထပ်မံတြွေရှိထားတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
ကမ္ဘောဒီးယားကတော့ မြေမြှပ်မိုင်းတွေကို သူတို့ထောင်ထားတာမရှိဘူးလို့ ငြင်းဆိုထားပြီး ထိုင်းစစ်သားတွေဟာ နှစ်ဖက်သဘောတူထားတဲ့ တောတွင်းလမ်းတွေကို အသုံးပြုတာကြောင့် ကမ္ဘောဒီးယားရဲ့ ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်က ကျန်ရစ်ခဲ့တဲ့ စစ်ကျန်မိုင်းတွေကို ထိခိုက်စေခဲ့တာကြောင့်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Telegram»…
https://t.me/positiveanglenews