အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကြောင့် DPLA အဖွဲ့ဝင်အများအပြား အလင်းဝင်ရောက်လာ


(ပြည်တွင်း) ဇူလိုင် ၂၃

တပ်မတော်က အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို အပြီးသတ်ထိန်းချုပ်လိုက်ပြီးတဲ့နောက် တအောင်းလက်နက်ကိုင် TNLA နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) ရဲ့အဖွဲ့ဝင်တွေ အလင်းဝင်ရောက်မှုများပြားလာတာတွေ့ရပါတယ်။

စစ်ရေး၊ စီးပွားရေးနဲ့ လမ်းပမ်းဆက်သွယ်ရေးအချက်အခြာကျတဲ့နောင်ချိုမြို့ကို တပ်မတော်က စစ်ဆင်ရေးဆောင်ရွက်ခဲ့တာကြောင့် တအောင်းလက်နက်ကိုင် TNLA နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) အဖွဲ့ဝင်တွေ အထိအခိုက်အကျအဆုံးများပြားခဲ့တာဖြစ်ပါတယ်။

နောင်ချိုတိုက်ပွဲအတွင်း (DPLF/DPLA) အဖွဲ့ဝင်တွေကို မူးယစ်ဆေးတွေ ကျွေးပြီး အတင်းတိုက်ခိုင်းတာကို သူတို့ရဲ့အဖွဲ့ဝင်တွေ ကြုံခဲ့ရတယ်လို့ DPLF/DPLA ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းနိုင် အကြမ်းဖက်လောဘီတွေနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ပြောဆိုထားတာတွေ့ရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကို မပြုလုပ်လိုကြတော့တဲ့ DPLF/DPLA အဖွဲ့ဝင်တွေဟာ ငြိမ်းချမ်းစွာနေထိုင်လိုတာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ လင်းဝင်ရောက်နေကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ကစပြီး နောင်ချိုမြို့ကို တပ်မတော်က အပြီးသတ်ထိန်းချုပ်လိုက်ပြီးတဲ့နောက် DPLA အဖွဲ့ဝင် ၄၁ ဦးအထိအလင်းဝင်ရောက်မှုတွေရှိလာတယ်လို့ နစကသတင်းထုတ်ပြန်ထားပါတယ်။

DPLA အဖွဲ့ဝင်တွေဟာ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ယုံကြည်လက်ခံလာခြင်းတွေကြောင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး နီးစပ်ရာတပ်မတော်စခန်းတွေကတစ်ဆင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာကြတာလို့ နစက က ပြောပါတယ်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေဟာ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ အတင်းအဓမ္မခြိမ်းခြောက်ဖမ်းဆီး လူသစ်စုဆောင်းခံရတွေဖြစ်ပြီး သီပေါမြို့ရဲ့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာ မန်လွယ်ကျေးရွာအနီးမှာ သင်တန်းတက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းတဲ့အခါ နယ်မြေအလိုက်အခြေပြုလှုပ်ရှားတဲ့ ကျေးရွာတွေ၊ တောတွင်းစခန်းတွေမှာ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ လူ့အခွင့်အရေးတွေဆုံးရှုံးကာ နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကိုခံခဲ့ရပြီး အဓမ္မစေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်ကနေ ဒီနေ့အထိ TNLA အဖွဲ့ဝင် ၄ ဦး ၊ MDY-PDF အဖွဲ့ဝင် ၁၅ ဦးနဲ့ DPLA အဖွဲ့ဝင် ၄၁ ဦးတို့ဟာ လက်နက်မျိုးစုံ ၁၃ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနဲ့ အတူ အလင်းဝင်ရောက်လာခဲ့ကြတယ်လို့ သိရပါတယ််။

Telegram»…
https://t.me/positiveanglenews

PAN