အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကို တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ သောင်းကျန်းသူများကို ချေမှုန်းခဲ့မှုကြောင့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ရရှိဟု နစက ဒု ဥက္ကဋ္ဌပြော

(ပြည်တွင်း) ဇူလိုင် ၂၂

တောင်ခမ်းဒေသတစ်ဝိုက်၌ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ၊ ကွပ်ကဲအုပ်ချုပ်မှုများ ဖြည့်ဆည်းဆောင်ရွက်ကာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter- Terrorism Operation)ကို တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ သောင်းကျန်းသူများကို ချေမှုန်းခဲ့မှုကြောင့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်သည်ဟု နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားလိုက်ကြောင်း သိရသည်။

တပ်မတော်၏ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည့် တိုက်ပွဲဝင် အရာရှိစစ်သည်များအား တပ်မတော်ကိုယ်စား၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့်  ရရှိထားသည့် အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်သွားကြရန်လိုပြီး သောင်းကျန်းသူများကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်ကို မည်မျှယုံကြည် အားကိုးသည်ကို အားလုံးအသိပင်ဖြစ်သည်ဟုလည်း ၎င်းမှပြောသည်။

ထို့ပြင်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ စစ်မြေပြင်တွင် အကျိုးရှိစွာ အသုံးချသွားရန်လိုသည်ဟု နစက ဒုတိယဥက္ကဋ္ဌ က ဆိုသည်။

ဆက်လက်၍လည်း ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို စစ်သည်တော်ကောင်းတစ်ဦး ပီသစွာ လိုက်နာနေထိုင်သွားရန်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိအောင် လေ့ကျင့် နေထိုင်သွားရန်၊ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိကြရန်နှင့် မိမိမိသားစု၏ဂုဏ်၊ တပ်မတော်ဂုဏ်ကို ဆက်လက်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်းလည်း နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ပြောကြားထားသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် တအောင်းလက်နက်ကိုင်အကြမ်းဖက် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထားရာက တပ်မတော်က အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter- Terrorism Operation)ဖြင့် ပြန်ထည်ထိန်းချုပ်ထားပြီးဖြစ်ပြီး ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်သည်ဟု သိရသည်။