
(ပြည်တွင်း) ဇူလိုင် ၂၂
နောင်ချိုမြို့ကိုရောက်ရှိနေသည့် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက နောင်ချိုမြို့ရှိ မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပူးပေါင်းဖွင့်လှစ်ထားသည့် ယာယီဆေးရုံသို့ ရောက်ရှိကြပြီး ယာယီဆေးရုံအတွင်း လာရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို လိုက်လံကြည့်ရှုအားပေးစကား ပြောကြားပြီး ဒေသခံပြည်သူများအား ထောက်ပံ့ငွေများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်ဟု သိရသည်။
အဆိုပါယာယီဆေးရုံကို ဇူလိုင် ၂၀ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ ၂၁ ရကနေ့အထိ ဆေးလာရောက်ကုသသူ ဦးရေ ၁၆၀ ရှိပြီး ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိပြီး အရေးပေါ် ကုသရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် Mobile ဆေးကုသရေးယာဉ်များ မကြာမီ ရောက်ရှိမည်ဖြစ်သည်ဟုလည်း သိရသည်။
ထို့ပြင် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ယာယီဆေးရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားစဉ် ငှက်ဖျားရောဂါကြောင့် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နောင်ချိုမြို့မှ အသက် ၁၅ နှစ်အရွယ် လူနာတစ်ဦးကို ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံ၌ ဆေးကုသမှုခံ ယူနိုင်ရန်အတွက် မိသားစုဝင်များနှင့်အတူ ရဟတ်ယာဉ်ဖြင့် တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်ဟု သိရသည်။