ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၇

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင်လ ၈ ရက်နေ့ ည ၆ နာရီအချိန်သတင်းအရ   ကျိုက်ထိုမြို့နယ်၊ မရမ်း ချောင် ကျေးရွာအနီးတွင် မန္တလေးမြို့မှ မြဝတီမြို့သို့ အောင်ကျော်ထွန်း မောင်းနှင်ပြီး မကြေးမုံဝင်း၊ ကျော်မျိုးအောင်နှင့်မရွှေရည်တို့ လိုက်ပါလာသော SHN-38 EE-xxxx NISSAN AD VAN မော်တော်ယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့သယ်ဆောင်လာ သည့် ငွေကျပ် ၁ ဒသမ ၂၈၃၆ ဘီလီယံတန်ဖိုးရှိ ဘိန်းဆီခဲ ၁၉ ဒသမ ၅ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ်   ၃၅၁ သိန်း)၊ စိတ်ပြောင်းဆေးဝါး (Happy   Water) ၂၂ ဒသမ ၆ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆၇၈၀)၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၄၂၅ သိန်း)၊ ကက်တမင်း ၁၄ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၄၂၀၀ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၀ ပြား (၎င်းဒေသ တန်ဖိုးငွေကျပ် ၁၀၈၀ သိန်း)တို့အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထို့နောက် ကွင်းဆက်ဖော် ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မိုင်းရယ်မြို့နေ ညီညီထွေး(ခ)Sun က မိုင်းရယ်မှ မြဝတီမြို့နေ မျိုးဇော်ငြိမ်းထံသို့ ပို့ဆောင် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။