(ပြည်တွင်း) ဇူလိုင် ၁၆
စစ်ဆင်ရေးကာလ ၁၁ လ အတွင်း အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ တိုက်ပွဲကြီး ၂၀ ကြိမ်၊ ထိတွေ့ မှုပေါင်း ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒီနေ့မှာ နောင်ချိုကို တပ်မတော်က အပြီးအပိုင်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

နောင်ချိုပြန်လည်သိမ်းပိုက်နိုငိရေးအတွက် စစ်ဆင်ရေးတွေဆောင်ရွက်ရာမှာ ထင်ရှားတဲ့တိုက်ပွဲတွေအနေနဲ့ ငုံးမင်းစေတီတိုက်ပွဲ၊ ပွိုင့် (၁၁၃၀)တိုက်ပွဲ၊ ဇေတဝန်ဘုရားကုန်းတိုက်ပွဲ၊ မန်ကျည်းရေဘုန်းကြီးကျောင်း တိုက်ပွဲ၊ ထုံးဖိုစုကျေးရွာတိုက်ပွဲ၊ ကမ္ဘောဇဘုန်းကြီးကျောင်းတိုက်ပွဲ၊ နားရှိုးကျေးရွာတိုက်ပွဲ၊ ရွှေစံဖော်ဘုန်းကြီးကျောင်းတိုက်ပွဲ၊ ဆယ်တောင်ပြည့်ဘုရားကုန်းတိုက်ပွဲ၊ မန်မောကျေးရွာတိုက်ပွဲ၊ တောင်ရှည်ကျေးရွာတိုက်ပွဲ၊ ကျောက်ကြမ်းတိုက်ပွဲ၊ နမ့်ဆောင်ဟူးတိုက်ပွဲ၊ မျက်ချင်းနုတိုက်ပွဲ၊ ရွှေပြည်ညွန့်တိုက်ပွဲ၊ ရွှေသွန်းတိုက်ပွဲ၊ ကုန်းစံတိုက်ပွဲ၊ဂုတ်ထိပ်တိုက်ပွဲ၊ ပွိုင့်-၁၁၁၈ တိုက်ပွဲတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း ရန်သူ့ အလောင်း ၁၇၁လောင်း၊ လက်နက်မျိုးစုံ ၁၆၆ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်သောင်းကျန်းသူတွေဟာ တပ်မတော်စစ်ကြောင်းတွေရဲ့ တန်ပြန်ထိုးစစ်ကို ဆက်လက်ခုခံနိုင်ခြင်းမရှိတော့ဘဲ ထိခိုက်ကျဆုံးများစွာနဲ့ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ၁၂၀၀ နာရီချိန်ခန့်တွင် နောင်ချိုမြို့ တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

နောက်ချိုမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၅၉ ပေတွင်တည်ရှိနေတာဖြစ်ပြီးရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းတည်ရှိကာ မြောက်ဘက်မှာ သပိတ်ကျင်းမြို့နယ်နဲ့ မိုးကုတ်မြို့နယ်၊ အရှေ့ဘက်နှာ ကျောက်မဲမြို့နယ်၊ တောင်ဘက်မှာရပ်စောက်မြို့နယ်၊ အနောက်ဘက်မှာ ပြင်ဦးလွင်မြို့နယ်တို့ ဆက်စပ်နေတာဖြစ်ပါတယ်။

နောင်ချိုမြို့ကို TNLA နဲ့ PDF အကြမ်းဖက်တွေဟာ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်က စတင်ကာ မြို့နဲ့ မြို့လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ရင်း/တပ်ဖွဲ့၊ဌာနချုပ်တွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အတင်းအဓမ္မလုယက်ယူဆောင်တာတွေလုပ်ဆောင်ခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်ဖက် သောင်းကျန်းသူတွေဟာ အစိုးရအုပ်ချုပ်မှု ယန္တရားပျက်ပြားအောင် လုပ်ဆောင်ခဲ့တာတွေကြောင့် ကျောင်းသား/ကျောင်းသူတွေ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံပြည်သူတွေဟာ ဘေးဒုက္ခကြီးစွာနဲ့ နီးစပ်ရာ မြို့/ရွာတွေကရှိ ဆွေမျိုးတွေရဲ့ နေအိမ်တွေယာယီတိုက်ပွဲရှောင်စခန်းတွေနဲ့ ဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

တပ်မတော်စစ်ကြောင်းတွေအနေနဲ့ နောင်ချိုမြို့ အတွင်းကို ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ဒေသခံပြည်သူတွေ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးနဲ့ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေး ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ အကြမ်းဖက်သောင်းကျန်းသူတွေ ယုတ်မာရက်စက်စွာဆောင်ရွက်ခဲ့တဲ့ မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းရေး ဦးစားပေးရှင်းလင်းဖော်ထုတ်နေပြီး အကြမ်းဖက်သောင်းကျန်းသူတွေ ဖျက်ဆီးခဲ့တဲ့ စာသင်ကျောင်းတွေ ဆေးရုံ/ဆေးခန်းတွေ ရုံး/ဌာန အဆောက်အအုံတွေ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ လူနေအိမ်တွေကို ဒေသခံပြည်သူနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်သလို နယ်မြေလုံခြုံရေးလုပ်ငန်းတွေကိုလည်း တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
#PAN