ဆိုင်ကယ်ပိုင်ရှင်တွေအနေနဲ့ အထောက်အထားနဲ့တကွ ဟောင်လိတ်နယ်မြေရဲစခန်းမှာ လာရောက်ထုတ်ယူနိုင်

(မှုခင်း)  ဇူလိုင် ၁၄

သိမ်းဆည်းရမိတဲ့ ဆိုင်ကယ်တွေထဲက ခိုးယူခံရတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေအနေနဲ့ မိမိဆိုင်ကယ်တွေ ပါရှိပါက မိမိပိုင်ဆိုင်ကြောင်း အထောက်အထားတွေနဲ့တကွ ဟောင်လိတ် နယ်မြေရဲစခန်းမှာ တိုက်ဆိုင်စစ်ဆေးပြီး တရားရုံးမှာ အမှုများပြီးပြတ်ပါက ပြန်လည်ထုတ်ယူနိုင်တယ်လို့ ဟောင်လိတ် နယ်မြေရဲစခန်းထံမှ သိရပါတယ်။

ရှမ်ပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ အများပြည်သူတွေရဲ့ ဆိုင်ကယ်တွေ ပျောက်ဆုံး အခိုးခံနေရတဲ့ ဖြစ်စဥ်တွေရှိလာတာကြောင့် တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှုးရုံးက ဒုတိယ ရဲမှုးကြီးမင်းသိန်းရဲ့ ညွန်ကြားမှုနဲ့  ဟောင်လိတ် နယ်မြေခံရဲစခန်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ် သူခိုးတွေ ဖမ်းဆီးရေး လုပ်ဆောင်ခဲ့ရာက ခိုးရာပါ ဆိုင်ကယ် ပစ္စည်းတွေနဲ့ အတူ သူခိုးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေဟာ လှည့်ကင်းနဲ့ နယ်မြေလုံခြုံရေးတွေ နေ့စဥ်/ ညစဥ် ဆောင်ရွက်နေစဥ် မြို့နယ် အတွင်း ဆိုင်ကယ် ခိုးမှုတွေ ကျူးလွန်တတ်တဲ့ သတင်းအရ ဝိန်းကျောက်ရပ်ကွက်က ပုံလို့လမ်းဆုံ နေရာမှာ  ဇူလိုင် ၁၄ ရက်နေ့ မနက် ၃ နာရီ အချိန်ခန့်က ပိုင်ဝင်းစိုး (ခ) ပိုင်ပိုင် ဆိုသူစီးနင်းလာတဲ့ နံပါတ်မပါ Honda အမျိုးအစား Zoomar X ဖြူ နက် အရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးမေးမြန်းရာ ခိုးယူခဲ့တာဖြစ်တယ်လို့ ပေါ်ပေါက်ခဲ့တာကြောင့် ခိုးရာပါ ဆိုင်ကယ်အား သိမ်းဆည်းရမိခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ပူးပေါင်းအဖွဲ့တွေနဲ့ ပိုင်ဝင်းစိုး (ခ)ပိုင်ပိုင် ကို စစ်ဆေးခဲ့ရာ ထွက်ဆိုချက်တွေအရ အပေါင်းအပါ သူခိုးတွေဖြစ်တဲ့ ဟိန်းမင်းဦး ၊ အောင်ဖြိုး ၊ ပေသီး ၊ သဲစပ်ကုလား တို့( ၄) ဦးကို ထပ်မံ ဖမ်းဆီး ရမိခဲ့ပြီး ခိုးယူထားတဲ့ သက်သေခံ ဆိုင်ကယ် (၁၃) စီးကို ထပ်မံဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့သလို ဆိုင်ကယ် သူခိုးတွေနဲ့ ခိုးရာပါ ဆိုင်ကယ်တွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ် ခိုးမှုတွေကို ကျူးလွန်ခဲ့တဲ့ တရာခံ ဆိုင်ကယ်သူခိုး အမျိုးသား ( ၅)ဦး နဲ့ ခိုးရာပါ သက်သေခံ ဆိုင်ကယ် စုစုပေါင်း ( ၁၃) စီး တို့ကို သိမ်းဆည်းရမိခဲ့တာကြောင့် တရာခံတွေကို ဟောင်လိတ် နယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၈၀ / ကျင့် ၅၄ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#PAN