လှိုင်းဘွဲ့မြို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခုအထိ ဖွင့်လှစ်ဖို့ရှိနေ

(ပြည်တွင်း) ဇူလိုင် ၁၄

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းတွေ ရေစီးဆင်းဝင်ရောက်မှုကြောင့် လှိုင်းဘွဲ့မြို့က မြေနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ (က)ရပ်ကွက်နဲ့ (ခ)ရပ်ကွက်တွေက နေအိမ်တွေအတွင်းကို ဇူလိုင်လ ၁၂ ရက်နေ့လည်ပိုင်းက စတင်ကာ ရေဝင်ရောက်မှုတွေဖြစ်ပေါ်နေပါတယ်။

ရေဝင်ရောက်မှုဖြစ်ပေါ်နေတဲ့ နေအိမ်တွေမှာနေထိုင်သူတွေကို လုံခြုံရေးအဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေ လူမှုကူညီရေးအသင်းဝင်တွေက ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေကို ကူညီ ရွှေ့ပြောင်းပေးနေတယ်လို့လည်း သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ်အတွင်း သံလွင်မြစ် ရေကြီးရေလျှံခြင်း၊ လှိုင်းဘွဲ့ချောင်းနဲ့ မဲပချောင်းအတွင်းကို တောင်ကျ ရေတွေစီးဝင်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကရေဘေးသင့်သူတွေကို ကူညီမှုတွေပြုလုပ်နိုင်ဖို့ တာဝန်ရှိသူတွေက ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထို့အတူ ဖွင့်လှစ်ထားတဲ့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ ရေဘေးသင့်သူတွေ စားသောက် နေထိုင်မှုအဆင်ပြေစေဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပေး နေတယ်လို့လည်း သိရပါတယ်။

#PAN