(မြုခင်း) ဇူလိုင် ၁၄
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဇွန်လအတွင်း ယာဉ်မတော်တဆမှု ၂၁ မှုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ယခုနှစ် ဇွန်လအတွင်း အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ၂၁ မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၉ ဦးရှိကာ သေဆုံးသူ သုံးဦးရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၈၅,၈၉၀,၀၀၀ ရှိတယ်လို့လည်း သိရပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုတွေဖြစ်ပွားရာမှာ လူကြောင့်၊ ယာဉ်ကြောင့်၊ လမ်းကြောင့်နဲ့ ရာသီဥတုကြောင့်ဖြစ်ပွားခဲ့ရာ လူကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှာ အရှိန်ပြင်း၊ မူးယစ်၊ အိပ်ငိုက်၊ လမ်းကူးသူပေါ့ဆမှု၊ တိရစ္ဆာန်တွေကြောင့်၊ ဆိုင်ကယ်ပေါ့ဆမှု၊ အနှေးယာဉ်ပေါ့ဆမှု၊ ယာဉ်မောင်းမကျွမ်းကျင်၊ မဆင်မခြင်မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်ကြောင့်ဖြစ်ပွားရာမှာ ဘီးပေါက်ခြင်း၊ စက်ချို့ယွင်းခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ကာ၊ လမ်းကြောင့်ဖြစ်ပွားရာမှာ တံတားနဲ့ လမ်းချော်ခြင်းတွေကြောင့် ဖြစ်ပွားခြင်းနဲ့ ရာသီဥတုကြောင့်လည်း ယာဉ်မတော်တဆမှုဖြစ်ပွားလေ့ရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မောင်းတွေအနေနဲ့ သတ်မှတ်နှုန်းထားအတိုင်း စည်းကမ်းတကျ မောင်းနှင်သင့်တယ်လို့လည်း အသိပေးထားပါတယ်။
ယခုနှစ် ဇန်နဝါရီလက ယာဉ်မတော်တဆမှု ၁၇ မှု၊ ဖေဖော်ဝါရီလမှာ ၉ မှု၊ မတ်လက ၁၉ မှု၊ ဧပြီလမှာ ၁၃ မှု၊ မေလမှာ ၁၅ မှုနဲ့ ဇွန်လမှာ ၂၁ မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
#PAN