နောင်ချိုနဲ့ကျောက်မဲကိုလက်လွှတ်ရတော့မယ့် TNLA က ကြားကာလတော်လှန်ရေးအစိုးရလို့ သုံးနှုန်းပြောဆို

(ပြည်တွင်း) ဇူလိုင် ၈

ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွေကို လက်လွှတ်ရတော့မယ့် တအောင်းလက်နက်ကိုင် TNLA ဟာ ကြားကာလတော်လှန်ရေးအစိုးရလို့ သုံးနှုန်းပြောဆိုနေဆဲဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းကမြို့အချို့ကို ၁၀၂၇ စစ်ဆင်ရေးနဲ့ TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက နယ်မြေကျူးကျော်ကာ အဓမ္မဝင်ရောက် ပစ်ခတ်ထိန်းချုပ်ခဲ့ပြီးတဲ့နောက် ကြားကာလတော်လှန်ရေးအစိုးရဆိုတဲ့စကားကို TNLA က သုံးနှုန်းပြောဆိုလာတာပါ။

TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သူတို့ရဲ့ ကြားကာလ တအောင်းပြည် တော်လှန်ရေးအစိုးရမှာ ပြည်သူလူထု ပါဝင်တဲ့ အစိုးရတစ်ရပ်အဖြစ် ထားရှိဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေသလို TNLA ရဲ့အဓမ္မစစ်သားစုဆောင်းမှု၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေကြောင့် ဒေသခံထောင်ပေါင်းများစွာဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

TNLA ရဲ့ ပြောရေးဆိုခွင့်ရသူ လွေးယေဦးက “ကျမတို့ PSLF/TNLA ပါဝင်တယ်၊ နိုင်ငံရေးပါတီတွေပါမယ်၊ အရပ်ဖက် အဖွဲ့အစည်းတွေလည်း ပါပါမယ်။ ဒီ ၃ ခုကနေ ပါဝင်ပြီးတော့မှ ကြားကာလတော်လှန်ရေးအစိုးရတစ်ရပ်(တအောင်းပြည်) ဖော်ဆောင်နိုင် ဖို့ TLC ကတော့ ဦးဆောင်မှာ ဖြစ်ပါတယ်လို့ ကြားကာလတော်လှန်ရေးအစိုးရအိမ်မက်အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး ပြောဆိုထားပါတယ်။

တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်လို့မရတဲ့ နိုင်ငံရေးပါတီများတည်ထောင်ခွင့်ဥပဒေတစ်ရပ်ကိုလိုက်နာရတာကြောင့် အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ TNLA နဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာကလည်း အိမ်မက်တစ်ခုလောက်သာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့တဲ့ တအာင်းအမျိုးသားပါတီ(TNP)၊ PSLF/TNLA နဲ့ တအာင်းအရပ်ဖက် အစုအဖွဲ့တွေပါဝင်တဲ့ တအာင်းပြည်ကောင်စီ(TLC) က ကြားကာလ တော်လှန်ရေးအစိုးရဖွဲ့ဖို့ပြင်ဆင်နေပါတယ်။

TLC က အစိုးရဖွဲ့ဖို့ပြင်ဆင်နေချိန်မှာပဲ ၂၀၂၄ ခုနှစ်၊ ဇွန်လက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် သိမ်းယူခဲ့တဲ့ နောင်ချိုမြို့ကို TNLA လက်လွှတ်ရတော့မယ့်အခြေအနေရှိနေသလို သူနဲ့ဆက်စပ်နေတဲ့ ကျောက်မဲမြို့ကိုလည်း လက်လွှတ်ရနိုင်ဖွယ်ရှိတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောဆိုထားကြပါတယ်။