(မှုခင်း) ဇူလိုင် ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူရဲ့နေအိမ်ကို အကြမ်းဖက်အဖွဲ့တွေက အသံမိုင်းနဲ့လာရောက်ပစ်ခတ်ဖောက်ခွဲခဲ့လို့ နေအိမ်အနည်းငယ်ပျက်စီးတယ်လို့ နစက ကထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာရှိတဲ့ ဒေါ်ဒွဲဘူရဲ့နေအိမ်ကို ဇူလိုင်လ ၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်ကလာရောက် ပစ်ခတ်ဖောက်ခွဲခဲ့သလို ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာတော့ ယုဇနရပ်ကွက်အတွင်းက ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာဦးတူးဂျာရဲ့နေအိမ်ကိုအကြမ်းဖက်သမားတွေက အသံမိုင်းတွေနဲ့ လာရောက်ပစ်ခတ်ဖောက်ခွဲကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုပစ်ခတ်ဖောက်ခွဲမှုကြောင့် နေအိမ်တွေအတွင်းက ပြတင်းတံခါးမှန်တွေ အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ သတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေဆောင်ရွက်ခဲ့တဲ့ အကြမ်းဖက်သမားတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကစုံစမ်းဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။