(၃၇)ကြိမ်မြောက် ထိုင်း – မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကျင်းပပြုလုပ်


(ပြည်တွင်း) ဇူလိုင် ၅

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၃၇)ကြိမ်မြောက် ထိုင်း – မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ဇူလိုင်လ ၃ ရက် နံနက်ပိုင်း တွင် ချင်းမိုင်မြို့ရှိ Green Lake Resort ၌ ပြုလုပ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Kittipong Jamsuwan နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan တို့သည် အမှာစကားအသီးသီး ပြောကြားကြပြီး နှစ်နိုင်ငံအဖွဲ့ဝင်များက အပြန်အလှန် မိတ်ဆက်ကြပြီး၊ နှစ်နိုင်ငံအဖွဲ့ ခေါင်းဆောင်များသည် တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကြပြီး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး အပြန်အလှန်နှုတ်ဆက်ကြကြောင်း သိရသည်။

အဆိုပါ (၃၇)ကြိမ်မြောက် ထိုင်း- မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးတွင် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ နှင့် အခြားကိစ္စရပ်များကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ညနေပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jam-suwan က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြပြီး၊ ညစာသုံးဆောင်နေစဉ်အတွင်း ထိုင်းယဉ်ကျေးမှုအဖွဲ့များက ရိုးရာအဆိုအကများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြပြီး၊ ညစာစားပွဲအပြီးတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ပေးအပ်ကြကြောင်း သိရသည်။

အစည်းအဝေးဒုတိယနေ့ကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် Green Lake Resort ၌ ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံကိုယ်စားလှယ် ခေါင်းဆောင်များက (၃၇)ကြိမ်မြောက် ထိုင်း- မြန်မာဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး သဘောတူညီချက်များကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ် ကြကာ အမှာစကားများအသီးသီးပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များသည် နှစ်နိုင်ငံအထိမ်း အမှတ်တံဆိပ်များကို အပြန်အလှန်ပေးအပ်ကြပြီး နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များကို ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကြခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့မှ မြန်မာ့တပ်မတော်လေယာဉ်ဖြင့် ဘန်ကောက်မြို့ သို့ရောက်ရှိပြီး ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ်ရုံး၊ စစ်ဦးစီးအရာရှိချုပ် Gen. Thongchai rodyoi နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး အမျိုးသားကာကွယ်မှု လေ့လာရေးတက္ကသိုလ် ကျောင်းအုပ်ကြီး Gen. Pongtep Gaewchaiyo တို့အား သီးခြားစီတွေ့ဆုံခဲ့ကြပြီး၊ တွေ့ဆုံစဉ် မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွင် ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံကောင်း ပီသစွာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများအား အလျင်အမြန် ကူညီဆောင်ရွက်ပေးခဲ့မှုများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် (၃၇)ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ ခြင်းဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပြီးနောက် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအား ချစ်ကြည်ရင်းနှီးစွာမိတ်ဆက်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

(၃၇)ကြိမ်မြောက် ထိုင်း – မြန်မာ ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့များသည် ထိုင်းနိုင်ငံသို့ ရောက်ရှိ စဉ်အတွင်း ချင်းမိုင်မြို့ရှိ Wat Pa Dara Phirom Phra Aram Laung ဘုရားသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုခြင်း၊ Queen Sirikit Botanic Garden နှင့် Central Festival Chiang Mai Shopping Mall တို့သို့ သွားရောက် လည်ပတ်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN