(မှုခင်း) ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)၊ မြို့မရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီးထားသည့် အချုပ်တရားခံ ဇွန်ပွင့်လှိုင်၊ ၃၀ နှစ်၊ (ဘ) ဦးလှမင်းအား ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းတွင် ကျောက်ကပ်ရောဂါအရေးပေါ်ကုသရန် အမှတ် (၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ “သပြေ”အထူးကု ဆေးခန်းသို့ ပို့ဆောင်ပေးပြီးအပြန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ “Ocean Center” သို့ဝင်ရောက်ဆေးဝယ်ကာ ပြန်ထွက်လာစဉ် ကားပါကင်အနီးသို့အရောက်၌ PDFအကြမ်းဖက်သမား များက လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ရာ ဆေးခန်းသို့လိုက်ပါ ပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ကျည် များထိမှန်၍ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အချုပ်တရားခံ ဇွန်ပွင့်လှိုင်အား ခေါ်ဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အချုပ်တရားခံနှင့် ခေါ်ဆောင် ထွက်ပြေးသွားသူများအား အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် ပိတ်ဆို့ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ (၆)လမ်းသွားလမ်းဆုံနေရာ၌ ဇွန်ပွင့်လှိုင် အပါအဝင် ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဘားအံမြို့နယ်၊ တောင်ဝိုင်းကျေးရွာနေ ချစ်ဇင်လင်း(ခ)စောအယ်ထူး၊ ၃၈ နှစ်၊ (ဘ)ဦးစိန်မင်းနှင့် လှိုင်သာယာ(အနောက်ပိုင်း)၊ မြို့နယ်(၁၃)ရပ်ကွက်နေ သီဟသူ၊ ၂၃ နှစ်၊ (ဘ)ဦးဘိုဘိုသူတို့ကိုလည်းကောင်း၊ စစ်ပစ်ကွင်း ကျေးရွာအနီး သန်လျင်-သုံးခွ ကားလမ်းရှိ စစ်ပင်ကွင်းကားမှတ်တိုင်၌ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်း ကျေးရွာနေ သုခပြည့်စုံ(ခ)ဖိုးခွား ၊ ၂၀ နှစ်၊ (ဘ)ဦးနေထွန်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာ ရပ်ကွက်နေ သူရဝင်း ၊ ၃၅ နှစ်၊ (ဘ)ဦးသန်းဇော်နှင့် မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ အောင်စန်းမိုး(ခ)ပေါင်မုန့် ၊ ၂၂ နှစ်၊ (ဘ) ဦးမိုးသီးတို့ကိုလည်းကောင်း၊ ပစ္စတို ၂ လက်၊ ကျည်မျိုးစုံ ၄၃ တောင့်၊ ကျည် အိမ် ၃ ခု၊ လက်ပစ်ဗုံး ၄ လုံးတို့နှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါအချုပ်တရားခံ ဇွန်ပွင့်လှိုင် အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် PDF အကြမ်းဖက်သမား ၆ ဦးကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။




Telegram»…
https://t.me/positiveanglenews