(ပြည်တွင်း) ဇွန် ၃၀
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ မဟာမုနိဘုရားကြီးနဲ့ ဘုရားကြီးဝန်းအတွင်းက သာသနိကအဆောက်အဦတွေ ပြန်လည်ပြုပြင်ရာမှာ ရှေးမူအတိုင်းသာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပြုပြင်မှုတွေကို ကျွမ်းကျင်တဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ ပါဝင်တဲ့ မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီတွေကို ဖွဲ့စည်းပြီး ကဏ္ဍတွေအလိုက် လုပ်ငန်းတာဝန်တွေ ခွဲဝေကာ လုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှေးမူအတိုင်း ပိုမိုခိုင်ခံ့စေဖို့ လုပ်ငန်းတွေ မြန်ဆန်စွာ ပြီးစီးနိုင်အောင် စနစ်တကျ ကြပ်မတ်ကာရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွေက ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဉာဏ်တွေနဲ့ပေါင်းစပ်ပြီး အလေးထားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိပြုပြင်ဆဲကာလမှာ အများပြည်သူတွေအနေနဲ့ မဟာမုနိဘုရားကြီးကို အခါကြီးရက်ကြီးတွေနဲ့ ဥပုဒ်ကာလတွေမှာ သတ်မှတ်ချိန်တွေအတိုင်း ဖူးမြှော်နိုင်တယ်လို့လည်း သိရပါတယ်။