တိုက်စစ်မှူး ရော်နယ်ဒို ဟာ အယ်နာဆာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆို

(အားကစား) ဇွန် ၂၈

တိုက်စစ်မှူး ရော်နယ်ဒို ဟာ လက်ရှိကလပ် အယ်နာဆာအသင်းနဲ့ ၂ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆို လိုက်တယ်လို့ ဇွန်လ ၂၆ ရက်နေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုနဲ့ အယ်နာဆာအသင်းတို့ စာချုပ်သက်တမ်းက အခုဇွန်လအကုန်မှာ ပြည့်မှာဖြစ်တာကြောင့် ရော်နယ်ဒိုရဲ့ အနာဂတ် နဲ့ပတ်သက်တဲ့သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

လက်ရှိကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်း တွေကလည်း ရော်နယ်ဒိုကို ခေါ်ယူရန် ကမ်းလှမ်းမှုတွေ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုကတော့ သူ့အနာဂတ် ကို အယ်နာဆာအသင်းနဲ့ဆက်လက်လက်တွဲသွားဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပြီး သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ဝါသနာတူ၊ အိပ်မက်တူသူတွေနဲ့ သမိုင်းသစ်ကို အတူဆက်ပြီး ရေး သွားတော့မှာ ဖြစ်ကြောင်းလို့ ရေးသားထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ရော်နယ်ဒို ဟာ ပြိုင်ပွဲစုံ ၄၁ ပွဲကစားပြီး ၃၅ ဂိုးသွင်းယူပေးထားခဲ့ပေမယ့် အယ်နာဆာအသင်းကတော့ ဆုဖလားလက်မဲ့အဖြစ်နဲ့ ရာသီသိမ်းခဲ့တာပါ။

ရော်နယ်ဒို အသစ်ချုပ်ဆိုလိုက်တဲ့ စာချုပ်အရ ရော်နယ်ဒို ဟာ တစ်နှစ်ကို ပေါင် ၁၇၈ သန်းရရှိမှာဖြစ်သလို စာချုပ်သစ် လက်မှတ်ထိုးကြေးအဖြစ် ပေါင် ၂၄ သန်းခွဲရရှိမှာ ဖြစ်ပါတယ်။