မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ဧက (၇၅,၀၀၀)ကျော် စိုက်ပျိုးသွားမည်ဟုဆို

(ပြည်တွင်း) ဇွန် ၁၀

၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ်စနစ်ဖြင့် မိုးစပါးစိုက်ဧက (၇၅,၆၆၅)ဧက စိုက်ပျိုးရန် လျာထားတယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ တောင်သူများမှ မိုးစပါးများကို အဓိကအားထား စိုက်ပျိုးကြပြီး  ယခင်နှစ် မိုးစပါးရာသီတွင် စိုက်ဧက (၇၅,၁၉၆)ဧက စိုက်ပျိုးနိုင်ခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၆၆ ဒသမ ၈၂)တင်းခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် မေလမှစတင်ကာ မိုးစပါးများကို ပျိုးထောင်စိုက်ပျိုးနေပြီး အလုပ်သမားရှားပါးမှုလည်း ရှိနေကြောင်း ဒေသခံတောင်သူများ၏ပြောဆိုချက်အရ သိရသည်။

ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်နယ်အစိုးရအဖွဲ့မှအားထုတ်ကြိုးပမ်းနေပြီး  တောင်သူများအား နှစ်စဉ် မျိုးသန့်မျိုးစေ့ပံ့ပိုးခြင်း၊ ဘောင်ပျိုးစနစ်ဖြင့် (၆၀)ဧက၊ ပျိုးထောင်ရွှေ့ပြောင်းခြင်းဖြင့် (၃၂,၁၃၅)ဧက၊ ကောက်စိုက်စက်ဖြင့် (၁၀)ဧက၊ မျိုးစေ့ချကိရိယာဖြင့် (၂,၈၂၅)ဧကနှင့် ကြဲခင်း(၄၀,၆၃၅)ဧက စုစုပေါင်း မိုးစပါးစိုက်ဧက (၇၅,၆၆၅)ဧကကို စိုက်ပျိုးရန်လျာထားကြောင်းနှင့် စံပြကွက်များကို ဖော်ဆောင်သွားမည် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

မြေဆီလွှာတွင် အာဟာရဓာတ်ပါဝင်မှု စစ်ဆေးပြီး ဓာတ်မြေဩဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ခြင်း နည်းစနစ်များ လက်တွေ့ပြသခြင်းနှင့် ကင်းထောက်စစ်ဆေးခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာ ရောင်းချဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးနည်းပညာ အသိပညာပေးခြင်း လုပ်ငန်းများကို တောင်သူများနှင့် တွေ့ဆုံ၍ ကွင်းတာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

#PDF