နစကဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံသမ္မတတို့ ရုရှားနိုင်ငံတွင် တွေ့ဆုံဆွေးနွေး


(ပြည်တွင်း) မေ ၁၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ သည့် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် တို့သည် နှစ်နိုင်ငံတာဝန်ရှိသူများနှင့်အတူ ရုရှားနိုင်ငံတွင် မေလ ၉ ရက် ညနေပိုင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ကြုံတွေခဲ့ရသည့် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ဆုံးရှုံးရမှုများ အတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့် ထပ်တူဝမ်းနည်းရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံ ရေးသည် ယခုနှစ်တွင် ၇၅ နှစ်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံအားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နစကဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ဖြစ်ပေါ်ခဲ့မှုကြောင့် ခက်ခဲမှုများကြုံတွေ့နေချိန်၌ ကူညီဆောင်ရွက်ပေးခဲ့မှုများအစဉ်အမြဲ ကျေးဇူးတင်အမှတ်ရ နေမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည်များကို ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်ရေး မေတ္တာရပ်ခံလိုပါကြောင်း၊ မြန်မာနိုင်ငံ အရေးကိစ္စများနှင့်ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အတူအေးအတူပူအမျှ အနာဂတ်မျှဝေသော အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားရန်နှင့် အိမ်နီးချင်းနိုင်ငံများ ဆိုင်ရာ လုပ်ငန်းများအတွက် အခြေခံအသစ်များ ဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အပေါ် မြန်မာနိုင်ငံ အနေဖြင့် အားပေးထောက်ခံလျက်ရှိတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN