(အားကစား) မေ ၉

လတ်တလော ရလဒ်ဆိုးတွေနဲ့ ပတ်သက်လို့ နည်းပြဖြစ်သူအပေါ် ဝေဖန်မှုတွေကို ကမ္ဘာ့အဆင့်(၂) ပိုလန် တင်းနစ်မယ် ဆွီယာတက်ခ် က ကာကွယ်ပြောကြားသွားခဲ့ပါတယ်။
ဆွီယာတက်ခ် ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ၃ နှစ်ကြာလက်တွဲခဲ့တဲ့ နည်းပြဖြစ်သူနဲ့ လမ်းခွဲခဲ့ပြီး ဘယ်လ်ဂျီယံလူမျိုးနည်းပြ ဖစ်ဆက်တီကို နည်းပြအဖွဲ့ထဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂရင်းစလမ်ချန်ပီယံဆုကို ၅ ကြိမ်ရရှိထားတဲ့ ဆွီယာတက်ခ်ဟာ မနှစ်က ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ကစားခဲ့တဲ့ပြိုင်ပွဲတွေမှာ ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ဆွီယာတက်ခ်ဟာ အခုနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ မက်ဒရစ်အိုးပင်း ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
တစ်ခါတလေမှာ ကစားပုံကို စိတ်တိုင်းမကျဖြစ်မိပေမယ့် ရလဒ်ဆိုးတွေအတွက် နည်းပြဖြစ်သူ ဖစ်ဆက်တီအပေါ် ဝေဖန်မှုတွေကတော့ မမျှတသလို ပြင်းထန်လွန်းပါ တယ်လို့ ဆွီယာတက်ခ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံဆုတွေနဲ့ ဝေးကွာနေခဲ့ရတယ်ဆိုပေမယ့် ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက် နိုင်ခဲ့တယ်ဆိုတာက ဆိုးရွားတဲ့ အခြေအနေတစ်ခုတော့ မဟုတ်သေးဘူး လို့လည်း ဆွီယာတက်ခ် က ပြောခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဆွီယာတက်ခ်ဟာ လက်ရှိမှာ အားကစားစိတ်ပညာရှင် ဒါရီယာ နဲ့ လက်တွဲပြီး စိတ်တည်ငြိမ်မှု ရစေဖို့ လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
Telegram»…
https://t.me/positiveanglenews