အိန္ဒိယက ပဲ့ထိန်းဒုံးကျည်များဖြင့် ပါကစ္စတန်သို့စတင်တိုက်ခိုက်


(နိုင်ငံတကာ) မေ ၇

ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်များ ခိုအောင်းနေထိုင်သည့်နေရာအချို့ကို ပဲ့ထိန်းဒုံးကျည်များဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်သမားအချို့ သေဆုံးခဲ့ကြောင်း အိန္ဒိယအစိုးရမှ ထုတ်ပြန်ထားသော်လည်း ပါကစ္စတန်စစ်တပ်တာဝန်ရှိသူများက အရပ်ဖက်ပစ်မှတ်များသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်အရ အိန္ဒိယစစ်တပ်၏ တိုက်ခိုက်မှုသည် နေရာသုံးခုကို ထိမှန်ခဲ့ပြီး ပါကစ္စတန်စစ်တပ်မှ အိန္ဒိယလေယာဉ် ၅ စင်းအား ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယစစ်တပ်မှ အဆိုပါတိုက်ခိုက်မှုအား Operation Sindoor ဟု အမည်ပေးခဲ့ပြီး ဟိန္ဒူအမျိုးသမီးများ၏ နဖူးတွင် လိမ်းချယ်သည့် ဆေးနီမှုန့်(Vermilion)အားရည်ရွယ်ကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြထားသည်။

တိုက်ခိုက်မှုအပြီးတွင် အိန္ဒိယအုပ်ချုပ်သည့် ကတ်ရှ်မီးယာဒေသတွင် ပါကစ္စတန်တပ်ဖွဲ့ဝင်များ ကျူးကျော်တိုက်ခိုက်နေပြီး ဒေသခံ ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိထားကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြလျက်ရှိသည်။

အိန္ဒိယ၏တိုက်ခိုက်မှုအား အတိုက်အခံပါတီများက ထောက်ခံခဲ့ပြီး နိုင်ငံတကာခေါင်းဆောင်များမှ ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN