ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်မူကြမ်းကို မေလ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး၌ အတည်ပြုဖွယ်ရှိ


(နိုင်ငံတကာ) ဧပြီ ၁၇

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ်အို) အဖွဲ့ဝင်နိုင်ငံများသည် ကပ်ရောဂါဆိုင်ရာ သဘောတူညီချက် မူကြမ်း နှင့်ပတ်သက်ပြီး ဧပြီလ ၁၆ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြကြောင်း သိရသည်။

အဖွဲ့ဝင်နိုင်ငံများသည် ဧပြီလ ၇ ရက်မှစတင်ကာ ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးချုပ်တွင် နောက်ဆုံးအဆင့်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြသည်။

၎င်းတို့သည် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွား မှုမှရရှိခဲ့သည့် သင်ခန်းစာများအပေါ်အခြေခံ၍ နောင်တွင်ဖြစ်ပေါ်လာနိုင်သော ကူးစက်ရောဂါများ အတွက် ကမ္ဘာလုံးဆိုင်ရာ ခုခံကာကွယ်မှုများ ပိုမိုအားကောင်းစေရန်ရည်ရွယ်သည့် နိုင်ငံတကာသဘောတူစာချုပ်နှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြသည်။

ကပ်ရောဂါဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ရေးကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကပ်ရောဂါနှင့်ဆက်နွှယ်သော ကျန်းမာရေးဆိုင်ရာထုတ်ကုန်များ ထုတ်လုပ်ခြင်းအတွက် နိုင်ငံများအကြား နည်းပညာနှင့် အသိပညာများလွှဲပြောင်းခြင်း အားကောင်းစေရေးနှင့်ပတ်သက်ပြီး သဘောတူညီချက်တွင် တောင်းဆိုထားသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကပ်ရောဂါဖြစ်ပွားနိုင်ခြေရှိသော ရောဂါပိုးမွှားများဆိုင်ရာ အချက်အလက်များကို မျှဝေရန် နိုင်ငံပေါင်းစုံပါဝင်သည့် စနစ်သစ်တစ်ခုကို ထူထောင်လိုကြောင်းလည်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဂေဘရီရယ်ဆုစ် က အနာဂတ်ကာလ ကူးစက်ရောဂါ အန္တရာယ် များကို တုံ့ပြန်ရန် ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်ချက်များ ပိုမိုအားကောင်းလာစေမည့် အရေးပါသည့် တိုးတက်မှုတစ်ရပ်ဟု ဆိုကာ သဘောတူညီချက်မူကြမ်းကို ထောက်ခံခဲ့သည်။

သဘောတူညီချက်မူကြမ်းကို မေလတွင်ပြုလုပ်မည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးတွင် တရားဝင်အတည်ပြုသွားဖွယ်ရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN