(နိုင်ငံတကာ) ဧပြီ ၁၄
ဧပြီလ ၁၂ ရက်က အိုမန်နိုင်ငံတွင် ကျင်းပခဲ့သည့် နျူကလီးယားဆွေးနွေးပွဲက အပြုသဘောဆောင်သည့် ဆွေးနွေးပွဲဖြစ်ခဲ့သည်ဟု အမေရိကန်နှင့်အီရန်နှစ်ဖက်စလုံးက ပြောဆိုနေကြပြီး ဆွေးနွေးပွဲကို နောက်တစ်ပတ် ပြန်စရန် သဘောတူခဲ့ကြသည်။

အီရန်နှင့်နျူကလီးယားအရေးဆွေးနွေးရန် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အရှေ့အလယ်ပိုင်းဆိုင်ရာအထူးသံတမန် စတိဗ်ဝစ်ကော့ဖ်က ဦးဆောင်ခဲ့ပြီး အီရန်အဖွဲ့ကို အီရန်နိုင်ငံခြားရေး ဝန်ကြီး အားဘတ်စ်အရာချီက ဦးဆောင်ကာ အိုမန်နိုင်ငံက ကြားဝင်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသည် အီရန်နှင့် ထရမ့်အစိုးရတို့ကြား ပထမဆုံးအကြိမ် ဆွေးနွေးပွဲဖြစ်သည်။
နောက်တစ်ပတ် ဧပြီလ ၁၉ ရက်တွင် ထပ်မံဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ရလဒ်များ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း အိမ်ဖြူတော် က ထုတ်ပြန်ခဲ့သည်။
ထရမ့်သည် ဖေဖော်ဝါရီမှစတင်ကာ အီရန်ကို အစွမ်းကုန်ဖိအားပေးမှုများ ပြန်လည်လုပ်ဆောင်လာပြီး အိုမန်ဆွေးနွေးပွဲမတိုင်မီ တစ်ရက်အလိုတွင် နျူကလီးယားစီမံကိန်းကို အီရန်ဘက်က မစွန့်လွှတ်ပါက ဒုက္ခကြီးကြီးရောက်လိမ့်မည်ဟု အိမ်ဖြူတော်က သတိ ပေးထားသည်။
အိုမန်ကြားဝင်ညှိပေးခဲ့သည့် ဧပြီလ ၁၂ ရက်ဆွေးနွေးပွဲသည် မျက်နှာချင်းဆိုင် ဆွေးနွေးပွဲ မဟုတ်ဘဲ အီရန်နှင့်အမေရိကန်ကိုယ်စားလှယ်အဖွဲ့တို့က သီးခြားတစ်ခန်းစီတွင်ရှိနေပြီး အိုမန်နိုင်ငံခြားရေးဝန်ကြီး မှတစ်ဆင့် အပြန်အလှန်ပြောကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် ဒေသတွင်းတင်းမာမှုလျှော့ချရေး၊ အကျဉ်းသား လဲလှယ်ရေး နှင့် အီရန်ကိုပိတ်ဆို့ထားမှုဖြေလျှော့ရေး၊ အပြန်အလှန်အနေဖြင့် အီရန်၏နျူကလီးယားစီမံကိန်းကို ထိန်းချုပ်နိုင်ရေးတို့ အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။
#PAN