
(ဆောင်းပါးကဏ္ဍ) မတ် ၂၆
ဗညားကျန်းတော
လူသည် ဆက်ဆံရေးသက်ရှိ သတ္တဝါအမျိုးအစား ဖြစ်ပါသည်။ လူသားအချင်းချင်း အဖိုနှင့်အမ အတူတွဲ၍ နေထိုင်ကြသည်မှစ၍ မိသားစုဘဝဖြင့် ရှင်သန်ခဲ့ကြသည်။ သားသမီးတွေ ပွား စီးလေတော့ နောက်ထပ်ဆွေမျိုးသားချင်းအုပ်စုများ တိုးပွားလာကြပြန်လေသည်။ ထိုမှဆွေမျိုးစုသည် ပိုမိုကျယ်ပြန့်များပြားလာသော အခါ လူမျိုးစု၊ လူမျိုးစသည်တို့ ဖြစ်ပေါ်လာပေသည်။ ဘာသာစကား၊ ကိုးကွယ်မှု၊ ဓလေ့ထုံး တမ်းနှင့် ယဉ်ကျေးမှုများလည်း ရှိလာကြသည်။
လူလူချင်း ဆက်ဆံဆက်သွယ်ကြရာတွင် ဘာသာ စကားပေါ်ပေါက်လာခြင်းသည် အလွန်တရာထိရောက်သော တွေ့ရှိပြောင်းလဲချက်ဖြစ်ပေမည်။ ဘာသာ စကားသည် တရွေ့ရွေ့ ဖွံ့ဖြိုးကျယ်ပြန့်သည်။ ဘာ သာစကားဖွံ့ဖြိုးသည်နှင့်အမျှ ထိုအဖွဲ့အစည်း၏ တွေးခေါ်ပုံ၊ ပြောဆိုပုံ၊ လုပ်ကိုင်စီမံပုံတို့သည်လည်း ပို၍ပို၍ တိုးတက် ကောင်းမွန်လာခဲ့လေသည်။ ဘာ သာစကားကြောင့် ဆက်သွယ်မှ ထိရောက်ပုံများကို အကျယ်ဖော်ပြနေစရာလိုမည် မထင်ပါ။ ဘာသာ စကားကို စာအဖြစ်လူသားက ဖော်ထုတ်အသုံးချ
တတ်လာသောအခါ ပို၍ ယဉ်ကျေးမှ အဆင့် Civilization မြင့်မားတိုးတက်ခဲ့ပုံများကြောင့် ပိုမိုထင်ရှားပေါ်လွင်လာပါသည်။
စာရွက်၊ စာပုံနှိပ်စက်၊ စာအုပ်ထုတ်လုပ်ဖြန့်ဝေခြင်းများ တီထွင်ပြုလုပ်နိုင်လာသောအခါ လူ့အဖွဲ့ အစည်းအတွင်း အစစအရာရာတိုးတက်ပြောင်းလဲခြင်းများသည် တစ်ဟုန်ထိုးတိုးတက်လာပေတော့ သည်။ ကုန်ထုတ်လုပ်မှ လည်းတိုးစေသည်။ ကုန်သွယ်ရောင်းဝယ်ခြင်းများလည်း နယ်ပယ်ကျယ်ဝန်းကာ ပိုမိုကြွယ်ဝသည်။ ဆက်သွယ်ရေး၊ ဆက်ဆံရေးကောင်းသဖြင့် ဝန်ဆောင်မှ အမျိုးမျိုးလည်း တိုးတက်ဖွံ့ဖြိုးခဲ့လေသည်။
စကားကိုအခြေခံသောစာ၊ စာပေ၊ ဘာသာ စကားအကျိုးကြောင့် လူသားတို့ အောင်မြင်မှုများ ကြီးမားစွာ ရခဲ့ကြသည်အမှန်ပင်။
စကားပြောရခြင်းကို ရှောင်လွှဲ၍ မရနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် လူသည် ဆက်ဆံရေး တုံ့လှယ်ရသော သတ္တဝါဖြစ်သောကြောင့်ပင်။ စကားပြောခြင်းအရာတွင်ထိရောက်အောင်မြင်စွာပြောဆိုတတ်သူများ၊ ခေါင်းဆောင်နေရာ ရောက် လာကြသည်။ မပြောတတ်၊မဆိုတတ်သူသည် ခေါင်းဆောင်တာဝန်ကို အောင်မြင်အောင် မထမ်းဆောင်နိုင်ရှာပါ၊ ခေါင်း ဆောင်သည် ဟောခြင်း၊ ပြောခြင်းအတတ်ပညာကို လေ့လာ၊ လေ့ကျင့်တတ်မြောက်ကျွမ်းကျင်လျှင် သူ၏ လုပ်ဆောင် ချက်များသည် ထိရောက်အောင်မြင်၏။
ဆယ်အိမ်ခေါင်း၊ ရာအိမ်မှူးကအစ သမ္မတ၊ဝန်ကြီးချုပ်အထိ အများနှင့် ဆက်သွယ်ဆက်ဆံရသည့် ပုဂ္ဂိုလ်ဟူသမျှသည် ပြောတတ်၊ဆိုတတ်၊ပြောနိုင်၊ ဆိုနိုင် ဖြစ်ကြရပါသည်။ မပြောတတ်၊ မဆိုတတ်၊ပြောမှား၊ဆိုမှားဖြစ်၍ မရပေ။ စကားအတတ်ပညာတတ်မြောက်ရန်၊ စာပေဗဟုသုတကြွယ်ဝရန် လိုအပ်ပါသည်။
စာဖတ်လျှင်အမြင်ကျယ်လာမည်။ ရင့်ကျက်မည်။ ပရိသတ်ကို ထိရောက် လွှမ်းမိုးအောင် ပြောဆိုတတ်သူ ပုဂ္ဂိုလ်တိုင်းသည် စာများများဖတ်ခဲ့ကြသူများသာဖြစ်ပါ၏။ စာဖတ်သူတိုင်း ခေါင်းဆောင်မဖြစ်သော်လည်း ခေါင်းဆောင်တိုင်းကား စာဖတ်ခဲ့ကြသူများ ဖြစ်၏။ ခေါင်း ဆောင်ကောင်းဖြစ်လိုလျှင် ပြောနိုင်၊ ဆိုနိုင်၊ ရေးနိုင်၊ သားနိုင်ဖို့ ဝမ်းစာပြည့်ရန် စာများများ၊ ဖတ်ခဲ့သူဖြစ်ရပေလိမ့်မည်။ ခေါင်းဆောင် သည် ကုန် ချောပစ္စည်းများကို ထုနှင့်ထည်နှင့် အဆက် မပြတ်ထုတ်လုပ်ပေးရသော “စကားစက်ရုံကြီး” ဖြစ်ရပါသည်။ အစည်းအဝေးတွေမှာ ပြောရသည်။ ဆွေး နွေးပွဲတွေမှာ ပြောရသည်။ ဟောပြောပွဲတွေမှာပြောရသည်။ (ရေးပေးရသည့်လူရှိမှာပါ။ ဟုတ်ကဲ့ ရှိကြရပါသည်။ ထိုစာကို နှစ်ခေါက်၊ သုံးခေါက်ဖတ်ပြီး ဆီလျော်ကောင်းမွန်အောင် တည်းဖြတ်ပြုပြင်ပြီးမှ ပြောလေ့ရှိကြပါသည်။ပင်ကို ဓာတ်ခံဝမ်းစာရှိ ရန်လိုအပ်သည်။ပါတာဖတ်ရုံမျှမရပါ။)
စကားတစ်ခွန်း၊ ပြောဆိုချက် တစ်ရပ်၊ ပရိသတ်ကို ဟောပြောခြင်း တစ်ခုသည် အောက်ပါအင်္ဂါလက္ခဏာရပ် ဆယ်ချက်နှင့်ပြည့်စုံလျှင် ကောင်းလိမ့်မည်။ ကြိုတင်ပြင်ဆင်ခဲ့စဉ်ကပင် ဤအချက်များကို သေသေချာချာ သိရှိထားလျှင် အကျိုးရှိလိမ့်မည်ဟု ထင်ပါသည်။ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဥက္ကဋ္ဌ၊ အမတ် စသည်တို့ကို နောက်ကွယ်က အထောက်အကူပြုပေးကြရသည့် ပုဂ္ဂိုလ်များမှအစ ခေါင်းဆောင်နေရာ၊ ခေါင်းဆောင် တာဝန်ယူကြရသူများ လွယ်ကူထိရောက်ကြစေရန် တင်ပြမျှဝေခြင်း ဖြစ်ပါသည်။ဤအချက်အလက်များကို တတ်မြောက်ကျွမ်းကျင်ခြင်းသည်ပင် နှလုံးရည်ရှိစေခြင်းလည်း ဖြစ်ပါသည်။
( ၁ ) မှန်ကန်ခြင်း
( ၂ ) ရှင်းလင်းခြင်း
( ၃ ) တိကျခြင်း
( ၄ ) ကျစ်လျစ်ခြင်း
( ၅ ) ပြေပြစ်ခြင်း
( ၆ ) လိုက်ဖက်ခြင်း
( ရ ) နှစ်သက်စဖွယ်ဖြစ်ခြင်း
( ၈ ) လေသံ
( ၉ ) ဟန်ပန်
(၁ဝ) ထိရောက်အကျိုးရှိခြင်းနှင့် မေတ္တာအရင်းခံခြင်း
စာသင်ကျောင်းတချို့တွင် စကားရည်လုပွဲ၊ ကျ ပန်းစကားပြောပွဲပြုလုပ်လေ့ရှိကြသည်။အဝတ်အစား၊ အမူအရာ၊ လေယူလေသိမ်း၊ ပြောဟန်ဆိုဟန်၊ စကား လုံးပြောင်မြောက်မှု စသည်ဖြင့် ဒိုင်အဖွဲ့ဝင်ဆရာတို့က အကဲဖြတ်အမှတ်ပေးလေ့ရှိကြောင်း တွေ့ရှိဖူးပါ၏။ မှန်သည်၊မှားသည်၊ ကောင်းသည်၊ ဆိုးသည် မဝေဖန်လိုပေ။ သူ့အရပ်နှင့် သူ့ဇာတ်ပေပဲ။ ကောင်းနိုးရာရာကို တတ်သမျှ၊ မှတ်သမျှ၊ လုပ်ကိုင်နေကြခြင်းသာ ဖြစ်ပါလိမ့်မည်။ ယခုမိမိအကြံပြုသောအချက်မျိုးသားဖြစ်ရမည်ဟု မဆိုလိုပေ။ မူကွဲတွေ၊ မတူညီချက်တွေရှိနေနိုင်ပါ၏။ ရှိပါစေ၊ စင်ပေါ်တက်၍ ဟောပြောချက်မှန်သမျှကို အကဲခတ်တန်ဖိုးဖြတ် အမှတ်ပေးမည်ဆိုလျှင် အထက်ဖော်ပြပါအချက် လက္ခဏာရပ်များကိုတော့ ပါဝင်ထည့်သွင်းစဉ်းစားအပ်ပါသည်။ ကြိုက်လျှင်ယူလေ။ မကြိုက်လျှင်နေ။
စကားတစ်ခွန်း၊ စာတစ်ကြောင်း၊ ပြောဆိုခြင်းတစ်ရပ်မှာ အရေးအကြီးဆုံးသော အရာကား မှန်ကန်ခြင်းပင် မဟုတ်ပါလား။ ပါဠိလိုသစ္စာဟုဆိုသော ဝေါဟာရသည် မြန်မာစာ၊ မြန်မာစကားမှာ ပါဠိသက်စကားလုံးအဖြစ် ပုဂံခေတ်မတိုင်မီကပင် သုံးနှုန်းနေခဲ့ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာ၏ အနှစ်သာရစစ်စစ်က သစ္စာလေးပါး မဟုတ်ပါလား။ မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကတ်သုံးပုံအလုံးစုံ၏ အခြေခံအုတ်မြစ်သည် သစ္စာတရားဖြစ်ပါ၏။
အလိမ်အညာများ၊ အလွဲအမှားများ၊ မဟုတ်မမှန်စကားများ၊ အမုန်းစကား၊ ကုန်းတိုက်စကား၊ သွေးခွဲသပ်လျှိုစကားများပုတ်ခတ်တိုက်ခိုက်၊ ချိုးနှိမ်စော် ကား၊ ဆဲရေးတိုင်းထွာ၊ ရိုင်းစိုင်း၊ ယုတ်ညံ့သောစကားများ၊ ပြောဆိုအသံလွှင့်နေသမျှသည် အမှိုက်များ၊ ဆူးများ၊ အဆိပ်များ၊ အညစ်အကြေး မှိုင်းများချည်းသာဖြစ်ကြပါ သည်။ အသုံးမကျရုံသာမက မိမိကို ထိခိုက်ပျက်စီးစေမည့် စကားမျိုး၊ စာမျိုးဟော ပြောချက်မျိုးတွေသာဖြစ်ကြလေသည်။ ဝေးဝေးက ရှောင်ကွင်းသင့်သည်။ မဆက်ဆံ၊ မရောယှက်၊ မမြင်ရ၊ မကြားရအောင် ဖြတ်တောက်သင့်လေသည်။
ကောင်းသောစကားကိုဆိုရမည်။ မှန်သောစကားကိုသာပြောရမည်။အကျိုးရှိသော စကားမျိုးကိုသာ ပြောသင့်သည်။ မေတ္တာပါသောစကား ဖြစ်ရမည်။ သူတစ်ပါးနှစ်လိုသော စကားမျိုးဖြစ်သင့်သည်။ ဤအခြင်းအရာလက္ခဏာများနှင့်ပြည့်စုံသည် မှန်စေ၊ အချိန်အခါ အခြေအနေ၊ အခါကာလအားလျော်စွာ၊ ရာသီဥတုအရိပ်အကဲကိုသုံးသပ်၍ ပြောအပ်ပါသည်။
ကြားနာသူလူပုဂ္ဂိုလ်၊ ပရိသတ်၏ နားနှင့်ဆံ့ရုံသာပြောသင့်လေသည်။ မပိုအောင်၊ မလိုရအောင်လည်း ပရိသတ်အခြေအနေ၊ အဆင့်အတန်း၊ မျှော်လင့်ချက်၊ လိုလားချက်နှင့် အံကိုက်ကျ အောင် ပြောတတ်ရပါမည်။ စကားနှင့်လျော်ညီစွာ အမူအရာ၊ ဟန်ပန်၊ လေသံ၊ စကားလုံးတို့၏ အမာအပျော့၊ အလျှော့အတင်း ဟန်ချက်ညီရပါလိမ့်မည်။ အခြေအနေနှင့် ဆီလျော်ရမည်။ တိုခြင်း၊ ရှည်ခြင်း၊ ချိုခြင်း၊ ထန်ခြင်းသည် စကား ၏အနက်အဓိပ္ပာယ်ပေါ် မူတည်ပေလိမ်မည်။ ပြောမည့်စကား၊ ရေးသားမည့်စာကို ကြိုတင်ပြင်ဆင်ခြင်း၊ မူကြမ်းရေးပြီး ပြန်လည်စစ်ဆေးခြင်းတို့သည် အကျိုးရှိသောဆောင်ရွက်စဉ်များဖြစ်
သည်။ အခြေခံမူမှာ သစ္စာ-မှန်ကန်ခြင်း၊ ဓမ္မ-တရား၊ မျှတခြင်းတရား၊ ညီညွတ်ခြင်း၊ ဝီရိယ-ကြိုးစားအားထုတ်မှုရှိခြင်းနှင့် စာဂ – စွန့်လွှတ်ခြင်း၊ မိမိက ရယူလိုခြင်းကင်းစွာ ပေးဆပ်လိုခြင်း၊ စွန့်စားနိုင်ခြင်း၊ ရဲရင့်မှု၊ ယုံကြည်မှုအပြည့်အဝရှိခြင်းသဘောတို့ ဖြစ်ကြပါသည်။ ဤလေးချက်သည် ဟောပြောသော ရည်ရွယ်ချက်ကို မုချအောင်မြင်အောင် အထောက် အကူပေးနိုင်သောအကြောင်းရင်း(အခြေခံသဘော တရား Principle) ဖြစ်ပါသည်။
စကားလက်တံရှည်သည်ဟု ထင်လျှင်လည်း ခွင့်ပြုစေချင်ပါသည်။ ပရိသတ်ကို ဟောပြောသူသည် မိမိ၏ ရည်ရွယ်ချက် ထိရောက်အောင်မြင်လိုပါလျှင် ဟောပြောသူကိုယ်၌က လေးစားတန်ဖိုးထား၍ နား ထောင်ထိုက်သူဖြစ်အောင် မိမိကိုယ်ကိုပျိုးထောင်မြှင့်တင်ခဲ့ရပါမည်။ ပြောရလျှင် ပြီးရောသဘောမထားသင့်ပါ။ တစ်ပွဲကို အဆင်ပြေလျှင် တော်ပြီဟု မယူဆသင့်ပေ။ ရေရှည်အောင်မြင်ရမည်ဟု ခံယူရပေမည်။ ဟောပြောသူသည် ဤအရည်အသွေး အခြေခံလက္ခဏာခုနစ်ချက် ပြည့်စုံအောင်လေ့ကျင့် တည် ဆောက်ထားသူဖြစ်လျှင် ပိုကောင်းပါလိမ့်မည်။
( ၁ ) ရွှင်ပျလန်းဆန်းခြင်း
( ၂ ) သပ်ရပ်သန့်ရှင်းစွာ နေထိုင်တတ်ခြင်း
( ၃ ) ရိုးသားဖြောင့်မတ်ခြင်း
( ၄ ) ကိုယ်ချင်းစာတတ်ခြင်း
( ၅ ) တာဝန်ယူတတ်ခြင်း
( ၆ ) နည်လမ်းရှာကြံတတ်ခြင်း
( ၇ ) မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း
ဤအချက်များသည် အရာရှိကောင်းတစ်ယောက်တွင် ရှိအပ်သော အခြေခံအချက်များအဖြစ်(Officer Bearing Characteristics) ရှေးနှစ်ပေါင်းတစ်ရာနှစ်ရာလောက် ကတည်းကဗြိတိသျှတပ်မတော် အစဉ်အလာသတ်မှတ်ချက်ဖြစ်ခဲ့လေသည်။ ယခုအခါ အင်္ဂလိပ်တို့အဖတ် ဆယ်၍ မရအောင်နိုင်ငံတကာမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရှိန်အဝါအကြီးအကျယ်ကျဆင်းနေချိန်ဖြစ်သော်လည်း တစ်ချိန်က ကမ္ဘာပေါ်တွင် နေမဝင်အင်ပါယာအဖြစ် တန်ခိုးထွားခဲ့သည်ကား အထက်ပါ အရည်အသွေးမျိုးကို ပျိုး ထောင်၍စံပြု(Standardization) ချမှတ်ခဲ့ခြင်းကြောင့်ဖြစ် ကြောင်း သတိမူအပ်ပါသည်။
သမိုင်းဆိုသည်မှာ ကောင်းသည့်အချက်ကို သင်ခန်းစာနမူနာယူတတ်ရပါသည်။ တာဝန်သိသူ၊ တာဝန်ယူနိုင်သူ၊ တာဝန်ကျေပွန်သူများ တိုးပွားများပြားကြပါစေ။
#PAN