(နိုင်ငံတကာ) မတ်လ ၂၄

အမေရိကန်အစိုးရသည် ယူကရိန်းပဋိပက္ခအတွက် အပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၂၀ ရက်ခန့်တွင် အပြီးသတ်ချမှတ်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း အတွင်းသိများ၏ပြောကြားချက်ကို ကိုးကား၍ Bloomberg သတင်းစာက မတ်လ ၂၃ ရက်တွင် ဖော်ပြသည်။
ဒေါ်နယ်ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် ယူကရိန်း နိုင်ငံတွင် ကျယ်ပြန့်သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန်အတွက် ထရမ့် သမ္မတ အဖြစ် စတင်တာဝန် ထမ်းဆောင်သည့်အချိန်မှစ၍ ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်တွင် တိုးတက်မှုအချို့ကိုရရှိ ထားပြီးဖြစ်သည်။
လက်ရှိအချိန်တွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ကို အမေရိကန် သမ္မတနှင့်ရုရှားသမ္မတတို့ကြား သဘောတူညီခဲ့သော်လည်း ရုရှားနှင့်ယူကရိန်းတို့ကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
သို့သော် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းတွင် အပြည့်အဝအပစ်အခတ် ရပ်စဲနိုင်ရေး သဘောတူညီချက်ကို မကြာမီချမှတ်နိုင်မည်ဖြစ်ကြောင်း ထရမ့်က မတ်လ ၂၁ ရက်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များကို ပြောကြားသည်။
အမေရိကန်စေ့စပ်ဆွေးနွေးသူများသည် လက်ရှိတွင် အပစ်အခတ်ရပ်စဲရေးကို အပြီးသတ်ချမှတ်နိုင်ရေးအတွက် ရုရှားနှင့်ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များ နှင့် မတ်လ ၂၄ ရက်တွင် သီးခြားတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews