အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မြစေတီ ဆရာတော်ကြီးကို နေပြည်တော်က ရဟန်းနဲ့လူပုဂ္ဂိုလ် ၂၀၀၀ နီးပါး ဂုဏ်ပြု

(ပြည်တွင်း) မတ် ၁၃

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ရရှိသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ မြစေတီစာသင်တိုက်၊ ဩဝါဒဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိအရှင်သူမြတ်အား နေပြည်တော် ၈ မြို့နယ်က ရဟန်း၊ လူပုဂ္ဂိုလ်နဲ့ သီလရှင် ၂၀၀၀ နီးပါးက ဂုဏ်ပြုပူဇော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို နေပြည်တော် ပျဥ်းမနားမြို့၊ ပန်းခင်းရပ်ရှိ မင်္ဂလာဗျူဟာ သာသနာ့ဟန်တော်ကြီးတွင် ယနေ့ မတ်လ ၁၃ ရင်နေ့ ညနေ ၄ နာရီခွဲအချိန်က ကျင်းပပြုလုပ်​ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဘွဲ့တံဆိပ်တော်ရ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ဘွဲ့တံတော်များအား ယနေ့ မတ်လ ၁၃ ရက်နေ့ တပေါင်းလပြည့်နေတွင် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ မြစေတီစာသင်တိုက်ဆရာတော်ကြီးမှာ အဂ္ဂမဟာပဏ္ဍိတလဒ္ဓလနဂုဏ်၊ သက်တော်ရှည် သံဃမဟာထေရ် ဖြစ်တော်မူခြင်း ရတ္တညူမဟာနာယကဂုဏ်၊ ကျမ်းဂန်တတ်သိ ဗဟုသုတနှင့် ပြည့်စုံခြင်း ဂန္ထန္တရဗာဟုသစ္စဂုဏ်၊ လူအပေါင်းတို့၏ အကျိုးစီးပွားကိုဆောင်နိုင်ခြင်း ဗဟုဇနဟိတသုခါဝဟဂုဏ်၊ ကျမ်းဂန်များရေးသားပြုစုခြင်း ဂန္ထရစနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဆရာ တိုင်းပြည်ဆရာလို့ ခေါ်ဆိုရလောက်အောင် နိုင်ငံတော်တလွှားမှာ ထင်ရှားကျော်ကြားပြီး ပြည်သူအများ လေးစားကြည်ညိုရတဲ့ သာသနာ့ထိပ်ခေါင်တင် မော်လမြိုင်မြို့ မြစေတီဆရာတော်ဘုရားကြီးအား နိုင်ငံတော်အစိုးရက သာသနာတော်ဆိုင်ရာ အမြင့်ဆုံး အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းပြီးစ အချိန်အခါကောင်းတွင် နေပြည်တော်တိုင်းသူတိုင်းသားများမှ ဦးဦးဖျားဖျားဖူးခွင့် ရကြခြင်းလည်းဖြစ်ကြောင်း သိရသည်။

#PAN