သီတဂူဆရာတော်ကြီး၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူ ဒုတိယနေ့တွင် ဆရာတော်/သံဃာတော်အပါး ၁,ဝဝဝ အား ပစ္စည်း ၄ ပါးနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်း

(ပြည်တွင်း) ၁၃

သီတဂူဆရာတော်ကြီး၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူကို မတ်လ ၁၃ ရက် နံနက် ၇ နာရီမှာ စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၌ ကျင်းပခဲ့ပြီး အဆိုပါမွေးနေ့အလှူတော် ဒုတိယနေ့တွင် ဆရာတော်/သံဃာတော်အပါး ၁,ဝဝဝ အား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများ ဆက်လက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ဆရာတော်ကြီး၏ မွေးနေ့အလှူတော် ဒုတိယနေ့တွင် စစ်ကိုင်းတောင်ရိုးရှိ ပရိယတ္တိ၊ ပဋိပတ္တိတရားများ ပွားများအားထုတ်လျက်ရှိသည့် စာသင်တိုက်များမှ ဆရာတော်/သံဃာတော်များ၊ သီတဂူဗုဒ္ဓတက္ကသိုလ်များမှ ဆရာတော်/သံဃာတော်များက စီတန်း၍အလှူခံကြွကြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ရှိဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများက ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ပါတယ်။

ကောင်းမှု ကုသိုလ်များအတွက် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ နှင့် စေတနာရှင်အလှူရှင်များက မေတ္တာပို့ အမျှပေးဝေခဲ့ကြပါတယ်။

သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် ဒုတိယနေ့တွင် စစ်ကိုင်းတောင်ရိုးနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်/သံဃာတော်များအား စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ စစ်ကိုင်းမြို့ရှိဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော် ၁,၀၀၀ အိတ်၊ ဆီ ၂,၀၀၀ ပိဿာ၊ ပဲတစ်ပြည်ဝင်အိတ် ၁,၀၀၀ အိတ်၊ သင်္ကန်းအစုံ ၁,၀၀၀ နှင့် လှူဖွယ်ပစ္စည်းများအား လောင်းလှူခဲ့ကြကြောင်း သိရပါတယ်။

#PAN #သီတဂူဆရာတော် #သက်တော်(၈၈)နှစ်ပြည့်ဝိဇာတမွေးနေ့အလှူ