ဦးစားပေး တန်ဘိုး

(ဆောင်းပါးကဏ္ဍ) မတ်  ၁၂
ချစ်နိုင်(စိတ်ပညာ)

“ဖြစ်ချိန်ဖြစ်ရာ၊ တန်ဖိုးပါနှင့်ဥစ္စာဟောင်းသစ်၊ စိစစ်ထုံးစံ၊ ကုန်လောက်ငံ့အောင်၊
ကာလံဒေသံ အဂ္ထံဓနန၊ နည်းပြစဉ်လာ
မဟာပဒေသလေးပါး၊ သတိထားလော့”

မန်လည်ဆရာတော်အရှင်ဇဝန
(၁၈၄၁-၁၉၂ဝ)
(မဟာသုတကာရီမဃဒေဝလင်္ကာသစ်မှ)

နိဒါန်း

       တောတိုင်းမှာလည်း စန္ဒကူးသစ်ပင်မရှိ။တောင်တိုင်းမှာလည်း ပတ္တမြားမရှိ။ ပညာရှိသူ၊ သီလဖြူစင်သူလည်း နေရာတိုင်းမှာမရှိပါ။ အရာရာတွင် အကောင်းအဆိုး၊ အနိမ့်အမြင့်၊ အဆင့် ဆင့်သောလက္ခဏာခြင်းရာ၊ အရည်အချင်းတန်ဖိုးသည် အမျိုးမျိုး ကွဲပြားခြားနားစွာ ရှိနေကြလေသည်။

       အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ အတိုးနှင့်အဆုတ်၊ အကျိုးနှင့်အပြစ် စသည်တို့ကို ကောင်းစွာ ဝေဖန်ပိုင်းခြား ကွဲပြားစွာ သိမြင်ဆုံးဖြတ်နိုင်စွမ်းရှိခြင်းကို ပညာဟုခေါ်လေသည်။ပညာပြည့်စုံမှ လူ့ဘဝ တန်ဖိုးရှိ၏။ ပညာကင်းမဲ့ပါက တန်ဖိုးရှိသော လူတစ်ယောက်မဖြစ်။

ပညာ၏နေရာ

       အသက်မွေးခြင်းတကာတို့တွင် ပညာဖြင့် အသက် မွေးခြင်းသည် အမြတ်ဆုံးဟု ရှေးရှေးပညာရှိတို့ မှတ် တမ်းထားခဲ့ကြသည်။ လောကတွင် အချိုမြိန်ဆုံး အရ သာသည်ကား အမှန်တရားအစစ် သစ္စာစကားဖြစ် သည်ဟု ဆိုကြပါ၏။ အာဠာဝကဘီလူးကမေးသော မေးခွန်း ၁၃ ခုတို့ကို ကျေနပ်အားရ ဝမ်းသာအံ့သြလောက်အောင် တိတိကျကျ ပြည့်ပြည့်စုံစုံ မြတ်စွာ ဘုရားက (အာဋ္ဌာဝကသုတ်မှာ)ရန်ပြုတိုက်ခိုက်ခဲ့သော ရန်သူအား ပညာအလင်း ထွန်းညှိပြပေးခြင်းဖြင့် အောင်မြင်တော်မူခဲ့သည်။ ထိုနေ့ နံနက် အာဋ္ဌာဝီပြည့်ရှင်က ကတိသစ္စာအရ ဤဘီလူး လူသားစားဖို့ရာအတွက် လာရောက်ရိက္ခာဆက်သော မဲကျသူဘုရင့်ထံသို့ ပြန်ပေးလိုက်လေသည်။ ဒေါသလည်း ခက်ထန်၊ အဖျက်ရန်အမျိုးမျိုးလည်း ပိုင်ဆိုင်သည့်အပြင် အဖျက်အင်အားလည်းအဆမတန်ကြီးမားသော ဘွဲ့ဖြူလက်နက်ပိုင်ရှင်ထိုဘီလူးသည် အစွယ်တွေကြွေကျကာသောတာပန်အဖြစ် ဘုရားရှင်၏ တပည့်ခံလိုက်ပါလေပြီ။

       နောင်အခါ အာဠာဝက ရဟန်းဟူ၍ ဖြစ်လာမည့် အာဠာဝီပြည့်ရှင်မင်း၏ လသားအရွယ်ဘုရင့် သား တော်ကလေး၏အသက်ကို ကယ်တင်ပေးကာ ကြမ်း တမ်းရက်စက်သော ဘီလူး၏လက်မှ လွတ်စေခဲ့သည်မှာမြတ်စွာဘုရား၏ သဗ္ဗညုတ ဉာဏ်တော်အဟုန်၏ တန်ခိုးတော် မဟုတ်ပါလား။ တစ်ညတာလုံး ဒေါသရန်မီးဟုန်းဟုန်း တောက်လောင်စွာ ဖျက်ဆီးတိုက်ခိုက်သောဘေးရန်ကို မေတ္တာဖြင့်နှိမ်နင်း၍ အမေးပုစ္ဆာဟူသမျှကိုလည်း ပညာဖြင့် ဖြေရှင်းဟောကြားတော်မူသောအခါ ဒေါသ၊ မာန၊ မုန်းတီးရက်စက်လိုမှုတို့သည် မီးကို ရေနှင့်ဖျန်းသကဲ့သို့ ငြိမ်းသွားရလေပြီ။ အောင်ခြင်းရှစ်ပါးအနက်မှ တစ်ခုသောအဖြစ်အပျက်၊ ဟောတော်မူသော အာဋ္ဌာဝကသုတ် အမေးအဖြေများအနက်မှ ယနေ့အချိန်အခါအတွက် အထူးလိုအပ်နေသော “ဝေဖန်ပိုင်းခြား ခွဲခြားသိမြင်နိုင်စွမ်းပညာ”နှင့် လောကတွင် အရသာတကာတို့ထက် ပိုမိုထူးခြားအချိုမြိန်ဆုံးသောအရာကား “သစ္စာတရား”ဟုအမှန် ထင်ရှားရှိပါလျက် မသိမိုက်မဲစွာ၊ မုသားလိမ်ညာလှည့်ဖြားယုတ်မာ၊ မဟုတ်မမှန် စကားမီဒီယာမှိုင်းတိုက်ကာ၊ လေလှိုင်းမှတစ်တင့် မီဒီယာအဖျက်လှိုင်း ကြီးတွေနှင့် ချေမှုန်းဖျက်ဆီး တိုက်ခိုက်နေခြင်းကို အဟုတ်ထင်မှတ်ကာ အလွဲလွဲအချော်ချော် ဖြစ်ပျက်နေကြပုံကို သတိသံဝေဂရကြရန် အချိန်တော်ပေပြီ။ ခံရတာများနေပြီ။

အမှန်နှင့်အမှား ခွဲခြားမြင်နိုင်ကြပါစေ။အကောင်းနှင့်အဆိုး အမျိုးမျိုးကို
ဆင်ခြင်တတ်ပါစေ။
အကျိုးနှင့်အပြစ် နှိုင်းယှဉ် စိစစ်နားလည်ကြပါစေ။

လက်ရှိ

       ပကတိအရှိတရားကို ဝန်ခံရပါလျှင် ကျွန်ုပ်တို့ အများစုသည် နွားခြေရာခွက်ထဲက ရေအိုင်ငယ်ကို ပင်လယ်ဟုထင် မြင်နေခဲ့ကြလေသည်။ အဝေးပြည်ပ အမေရိက၊ ဥရောပ စသည်တို့ကို မဆိုထားပါနှင့်။ မိမိတို့နည်းတူ ၁၉ ရာစု ကာလအတွင်း အရင်းရှင်ကိုလိုနီနယ်ချဲ့၏ အမြတ်ထုတ်သွေးစုပ်သိမ်းပိုက်ဖိနှိပ်မှုကို ခံခဲ့ကြရသော တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံအများစုသည် ဆင်းရဲနိမ့်ကျမှုနွံ့အတွင်း ကျဆင်းခဲ့ကြရသည် မှန်သော်လည်း အချိန်ကာလ နှစ် ၃ဝ၊ ၄ဝ အတိတ်အခြေအနေနှင့်လုံးဝ မတူကြတော့ဘဲ တစ် သွေးတစ်မွေးပြောင်ပြောင်ရောင်ရောင် လူမွေးလူ တောင်တွေ တော်တော်ပြောင်းလဲသွားခဲ့ကြပြီကို မြင်ကြရပါမည်။ မိမိဘေးပတ်ဝန်းကျင်မှာပင် လမ်းတွေကောင်း၊ ကျောင်းတွေကောင်း၊ ဆေးရုံတွေကောင်း၊ စာကြည့်တိုက်တွေကလည်းကောင်း၊ ကုန်စည်သယ်ယူပို့ဆောင်၊ ကူး သန်းသွားလာမှုတွေလည်းကောင်း၊ လယ်ယာထွက်ကုန်စိုက်ပျိုးရေးတွေကလည်း အရေ အတွက်၊ အရည်အသွေး၊ လေးငါးဆ တိုးတက်ကောင်းမွန်နေကြ၊ ရေတွင်း၊ ရေကန်၊ လယ်ယာဆည်မြောင်းများလည်း မိမိတို့ထက် ပိုမိုကောင်း မွန်၊ စက်ရုံအလုပ်ရုံကြီးတွေကလည်း ထွက်ကုန်။ ထုတ်ကုန်တွေ၊ ယခင်ကထက် ပိုမိုတိုးတက်၊ ဈေးကြီးတွေ၊ စူပါမားကက်ကြီးများ၊စတိုးဆိုင်ကြီးများကလည်း အံ့မခန်းပေါများကြီးမား။

ပကတိ

       မိမိတို့နိုင်ငံထက် လွန်ခဲ့သော နှစ်ပေါင်း ၅ဝ၊ ၆ဝ ခန့်က စားရေး၊ ဝတ်ရေး၊ နေရေးဆိုင်ရာ အစစ အရာရာတွင် ငတ်မွတ်ဆင်းရဲပြီး နိမ့်ကျသော အိမ်နီးချင်း နိုင်ငံပတ်လည်တို့သည် အရှိန် အဟုန်ကောင်းစွာ ခြေလှမ်းမှန်မှန်ရှေ့သို့ ချီတက်တိုးတက်သွားခဲ့ကြ၏။မိမိတို့၏ စိုက်ပျိုးရေးကလည်း ခေတ်မမီ။စက်မှုထွန်းကားရန် လျှပ်စစ်က မလုံ လောက်။ လျှပ်စစ်တာဝါတိုင်များကို ဗုံးခွဲဖျက်ဆီး။လျှပ်စစ်မီးလိုင်းတွေကို ဖြတ်တောက်ဖျက်ဆီး။ ရထားလမ်း၊ ကားလမ်းတွေကို မိုင်းခွဲဖျက်ဆီး။ သူများလိုမများလှသော တံတားတွေကို မိုင်းခွဲဖျက်ဆီး။
ကျောင်းဆရာ၊ဆရာမများကိုနှိပ်စက်သတ်ဖြတ်။
စာသင်ကျောင်းများကို ဖျက်ဆီးမီးရှို့။
ကျောင်းသွားသောကလေးများကို ခြိမ်းခြောက်။

       ထို့ထက်ပို၍ပို၍ အကြမ်းဖက်လာကာ မြို့ရွာများ ကို ရစရာမရှိအောင် လုယက်၊ ဖျက်ဆီး၊ မီးရှို့၊ နိုင်ငံ ခြားသား၊ နိုင်ငံခြားကျူးကျော်သူများ မဟုတ်ကြပါ။ ပညာဆင်ခြင်တုံတရားကင်းမဲ့အောင် မှိုင်းတိုက်(ဦး နှောက်ဆေး)ခံခဲ့ကြသော အသက် ၂ဝ၊ ၃ဝ လူရွယ်၊ လူငယ်များ၊ တိုင်းရင်း သားမိမိတို့ လူမျိုးတွေသာဖြစ်ပါ၏။ အမှန်ကိုမမြင်၊ အမှားကိုသာ ဇွတ်အတင်းအကောင်းထင်၊ တိုင်းပြည်ကို ဖျက်ဆီးနေခြင်းကို တော်လှန်ရေးခေါ်သတဲ့။

ပညာမမဲ့စေရ

       ကျူးဘားနှင့် တောင်အမေရိကနိုင်ငံများမှာအမေရိကန်အရင်းရှင်နယ်ချဲ့၏ စစ်ရေးကျူး ကျော်မှုများကို လက်နက်ကိုင်တော်လှန်ရာတွင် ကျူးဘားခေါင်း ဆောင်(ရှေ့နေ၊ ဥပဒေဘွဲ့ရ) ဖီဒယ်ကတ်ဇထရိုနှင့်အတူ လက်တွဲလျက် အမေရိကန် ကြိုးဆွဲရုပ်သေး အစိုးရ(ဘာတစ်စတာ)တို့၏ လက်နက်အင်အား၊ လူအင်အားတောင့်တင်းကြီးမားလှသည်ကို လက် ချိုးရေနိုင်လောက်ထိ နည်းပါးသောလူနည်းစုလေးမှာ ကျူးကျော်စစ် ဆင်နွှဲလာသူ အမေရိကန်နယ်ချဲ့တပ်များကို အောင်မြင်စွာ တိုက်ခိုက်တွန်းလှန်ရာ၌ ရှေ့တန်းက ဦးစီးကွပ်ကဲတိုက်ပွဲဝင်ခဲ့သူ ချေဂွေဗားရား (ဒေါက်တာအာနက်စတိုချေဂွေဗားရား)သည် ဆေးပညာဘွဲ့ရ၊ ဆရာဝန်လူငယ်ဖြစ်ပါသည်။ ထိုတော် လှန်ရေးခေါင်းဆောင် ချေဂွေဗားရားက ဘာပြောသနည်း။

       “တော်လှန်ရေးသမားကောင်းတစ်ယောက်အတွက် မရှိမဖြစ် အခြေခံလိုအပ်ချက်က အမြော်အမြင် အသိဉာဏ် ပြည့်စုံအောင် အသိပညာဆည်းပူးလေ့လာမှု၊ပညာတတ်ရေးဖြစ်တယ်” တဲ့။ ကျူးကျော်ရန်သူနယ်ချဲ့အရင်းရှင် အမေရိကန်ကို လက်နက်ကိုင်တိုက်ပွဲနဲ့ ဆန့်ကျင်တွန်းလှန်ရာမှာ မရှိမဖြစ်လိုအပ်တာက အမှန်၊ အမှားကို ခွဲခြားသိမြင်နိုင်တဲ့ပညာတတ်ရေးပဲတဲ့။ ဒေသခံ နာနတ်ခြံတောင်သူတွေ၊ ကြံတောင်သူတွေ၊ ငှက် ပျောခြံလုပ်သူတွေကို အမှန်အမှားခွဲခြားနိုင်တဲ့ ပညာတတ်ဖြစ်မှ တော်လှန်ရေးတပ်သားကောင်းတွေ ဖြစ်စေရမယ်လို့ ပညာရေးဉာဏ်ပညာပြည့်စုံဖို့ရာ အဓိကဖြစ်ကြောင်း ခေါင်းဆောင်ကောင်းက တိတိကျကျ မီးမောင်းထိုးပြဖော်ပြခဲ့လေသည်။

သင်ခန်းစာ

       ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ပြိုကွဲကျရှုံးသွားခဲ့၏။ သမိုင်းသင်ခန်းစာကို အနှစ်ချုပ်လိုက်လျှင် တော်လှန်ရေးဟုအမည်ခံခဲ့ကြသော နိုင်ငံရေးခေါင်းဆောင်အများစုသည် နိုင်ငံရေးအမြင်လည်းနိမ့်ကျ(အမှန်တရားအပေါ်သစ္စာရှိရမည့် ရိုးသားမှု တန်ဖိုးဂုဏ်ရည်လည်း ကင်းမဲ့) မိမိအခွင့်အရေးကိုသာ အဓိကထားသည့် ပြည်ပလက်ကိုင်တုတ်အဆင့်မျှသာ ခေါင်းဆောင်ကောင်း မပီသသောကြောင့် ပြည်သူကို ဦးမဆောင်နိုင်ခဲ့ကြချေ။ အဆိုးမြင် ဝါဒမှိုင်းတိုက်ရုံမျှဖြင့် ပွဲပြီးမီးသေသွားခဲ့ကြပေသည်။

        နွေဦးတော်လှန်ရေးအမည် ခေါင်းစဉ်တပ်၍ လှုပ် ရှားခဲ့ကြသော နိုင်ငံရေးအုပ်စုအမျိုးမျိုးတို့သည်လည်း စလယ်ဝင်ဖင် မမည်းခင်ကပင် ကွဲအက်ခဲ့ကြပြီး စုစည်းအင်အား မရနိုင်ခဲ့ကြချေ။ အမျိုးသားရေး အကျိုးစီးပွား လုံးဝမပါဘဲ ၄င်းတို့တစ်ဦးချင်းစီ၏ တစ်တော တစ်ကြက်ဖ တွန်ချင်ကြသော မျောက်သင်းကွဲများဖြင့် (Synergy – စုပေါင်းစည်းလုံးညီညာခြင်း အင်အားအခြေခံဥပဒေသမရှိ) တိုင်းပြည်ကောင်းအောင်မစွမ်းဆောင်နိုင်ပေ။

ကာလံဒေသံ

       ၂ဝ၂၅ ခုနှစ်သည် ၂၁ ရာစုအချိန်အခါ နှစ်တစ်ရာအတွင်းသို့ လေးပုံတစ်ပုံဝင်ရောက်လာခဲ့ပေပြီ။ ကမ္ဘာအဝန်းမှာ စစ်ရေး၊ နိုင်ငံရေး၊စီးပွားရေး၊ ကုန်သွယ်ရေး၊ သံတမန်ဆက်ဆံရေး၊ သိပ္ပံနှင့်နည်းပညာဘက်ပေါင်းစုံက တိုးတက်ပြောင်းလဲလာမှုတွေများစွာဖြစ်ပေါ်နေဆဲဖြစ်ပေ
သည်။

       မြန်မာနိုင်ငံသူ နိုင်ငံသားများသည် အတိတ်က အားနည်းချက်၊ ချွတ်ယွင်းချက်၊ ချို့တဲ့ခဲ့မှု၊ အမှားအယွင်း၊ အလွဲအချော်များကို (သမိုင်းသင်ခန်းစာ)အဖြစ် သေချာစွာလေ့လာမှတ်သားကာ ထပ်မံမမှားမိအောင် ယနေ့တတိယထောင်စုနှစ်တွင် လုပ်ဆောင်နိုင်ရပါမည်။

        တန်ဖိုးများသည် လိုအပ်ချက်အရ ဦးစား ပေးအမြဲပြောင်းလဲလျက်ရှိနေပါသည်။ မြန်မာ နိုင်ငံ၏ ပထဝီနိုင်ငံရေးနှင့် ရေမြေတောတောင်သည် အရေးပါလှသော နေရာမှာတည်ရှိပါသည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှ နေရာကျလိမ့်မည်ဟုကြိုတင်မြော်မြင်နိုင်သူတို့က ရေးခဲ့ပြောခဲ့ကြပါ၏။ အလကားပါဟု ဆန့်ကျင်လှောင်ပြောင် နားမဝင်သူက များခဲ့ကြ၏။

       အချိန်ကာလ၊ အခါရာသီက စောင့်မနေပါ။ အရပ်ဒေသ၊နေရာအနေအထား၊ ပတ်ဝန်းကျင်အခြေအနေ၊ အကွာအဝေး၊ လူဦးရေ၊ အိမ်နီးချင်းများ၏ လိုအပ် ချက်၊ ကြံရွယ်ချက်၊သတိပြုစရာပါ။

        စာမဖတ်ကြပါက အူတူတူ အတတသာ ဖြစ်ရမည်။ ကျွန်ုပ်တို့မှာ အမှန်အမှား၊ အကောင်းအဆိုး၊ အကျိုးအပြစ်ခွဲခြားနိုင်စွမ်းရှိသောလူငယ်လူသစ်၊ မျိုးဆက်သစ်များ၊ မွေးမြူပျိုးထောင်ရန် အဓိက ဦးစားပေးသင့်ပါသည်။ ပညာ၊ သမာ၊ အာဘာ နတ္တိ၊ ပညာနှင့်တူသော အလင်းရောင်သည် မရှိ။ တောသူ တောင်သားရော တက္ကသိုလ်မှာ ပညာဆည်းပူးနေကြသော လူငယ်များပါ။ သမိုင်းအမြင်၊ သမိုင်းသင်ခန်းစာကို ခြေခြေမြစ်မြစ်မသိမမြင်ကြပါက ကြီးမားသော ဘေးရန်အန္တရာယ်များကျလာပါလိမ့်မည်။
မြင်အောင်ကြည့်ကြပါ။
အရှေ့ဘက်က “Greater Thiland”
အနောက်ဘက်က“Greater Bingalardesh”
မြောက်ဘက်က“Greater Yunan”
ကမ္ဘာ့တစ်ဖက်ခြမ်းမှ “US First” စသည်။
မသိသေးလျှင် သိအောင်လေ့လာကြပါ။

နိဂုံး

        အသားစား သားရဲများအလယ်တွင် အမိမြန်မာပြည်မှာ အမှန်အမှား၊ တရားခြင်း၊ မတရားခြင်း၊ အကျိုးရှိနိုင်သော အလုပ်၊ အကျိုးပျက်စီးစေမည့် အလုပ်တို့ကို ခွဲခြားသိမြင်တတ်သော “ပညာအလင်း” ပြည့်စုံကြပါစေသော်။ မမြင် မကန်းနှင့် အသူတစ်ရာချောက်ထဲသို့ကျခါနီးတတိယထောင်စုနှစ်ကြီးပါတည်း။ လူတိုင်းက လူမျိုးနှင့်တိုင်းပြည်အကျိုးကို ဦးစားပေး တန်ဖိုးထားရကောင်းမှန်းသိကြရမည့် အချိန်ပေတည်း။

#PAN