ရုရှားမှာ အလုပ်သွားလုပ်မယ့် မြန်မာလုပ်သား ၂၄ ဦးကို Pilot Project နဲ့စေလွှတ်

(ပြည်တွင်း)  မတ် ၅

မြန်မာလုပ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေနိုင်ဖို့နဲ့ လုပ်ခလစာပိုမိုကောင်းမွန်တဲ့ နိုင်ငံတွေကို လုပ်သားစေလွှတ်ခြင်းကြောင့် လုပ်သားဈေးကွက် တိုးချဲ့ရှာဖွေနိုင်ဖို့အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကို Pilot Project နဲ့ စေလွှတ်နိုင်ခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာနထံက သိရပါတယ်။

အလုပ်သမား ဝန်ကြီးဌာနဟာ မြန်မာ – ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရေရှည်တည်တံ့ခိုင်မြဲ စေဖို့နဲ့ မြန်မာနိုင်ငံကလုပ်သားတွေ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေ ရှာဖွေနိုင်ရေးကို ရှေးရှုပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်တဲ့ Vista International Co.,Ltd ရဲ့ အစီအစဉ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint-Stock Company ‘Inturd’ Co., Ltd ကို ကျွမ်းကျင်မြန်မာလုပ်သား ၅၄ ဦးပို့ဆောင်ဖို့ရှိနေပြီး ကနဦးအစီအစဉ်နေနဲ့ လုပ်သား ၂၄ ဦးကို Pilot Project စေလွှတ်နိုင်ဖို့အတွက် ဖေဖော်ဝါရီ ၂၈ ရက်မှာ အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး မတ် ၃ ရက်မှာ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်းနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ပေးခြင်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ Pilot Project အဖြစ် စနစ်တကျစေလွှတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။  

မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေး ရှင်းနိုင်ငံအလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေပြီး MoU လက်မှတ်ရေးထိုးထားတာမရှိပေမယ့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှုပြီး Pilot Project နဲ့ စေလွှတ်တာဖြစ်တာကြောင့် အနာဂတ်မှာ အလုပ်သမားဈေးကွက်ရရှိရန် အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် အလုပ်သမားနဲ့ မိသားစုဝင်တွေရဲ့ လူမှုစီးပွားဘဝကောင်းမွန် တိုးတက်စေရန် စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

#PAN #ရုရှား #မြန်မာ #အလုပ်သမား #အလုပ်သမားဝန်ကြီးဌာန