(ပြည်တွင်း) ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံမှာ ရှေးခေတ်များစွာကတည်းက သနပ်ခါးလိမ်းခြယ်သုံးစွဲမှု တည်ရှိခဲ့ကြောင်းကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသရှိ အပယ်ရတနာဘုရားနှင့် စူဠာမဏိစေတီတို့ရှိ နံရံဆေးရေးပန်းချီများတွင် လေ့လာတွေ့ရှိနိုင်ပြီး ယင်းနံရံဆေးရေးပန်းချီများက သမိုင်းအထောက်အထားများအဖြစ် ခိုင်မာစွာတည်ရှိပြသလျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ သိရပါတယ်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့ ပုဂံဒေသရှိရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း ပြုပြင်စောင့်ရှောက်လျက်ရှိပြီး အပယ်ရတနာဘုရားရှိ သနပ်ခါးလိမ်းခြယ်မှုဟန်ပါဝင်တဲ့ နံရံဆေးရေးပန်းချီများကို မှတ်တမ်းပြုစုထားရှိပြီး ဖြစ်ပါတယ်။
၁၉၉၁-၁၉၉၂ ခုနှစ်မှာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနှင့် UNDP တို့ ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ စူဠာမဏိစေတီအတွင်းရှိ နံရံဆေးရေးပန်းချီကားများအား သန့်စင်ချေးချွတ်ရာမှ သနပ်ခါးလိမ်းခြယ်နေသောပုံများကို တွေ့ရှိမှတ်တမ်းပြုစုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိမှာ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရား၊ စေတီ၊ ပုထိုးပေါင်း ၃,၈၂၂ ဆူနှင့် တန့်ကြည်တောင်ဧရိယာမှာ ဘုရား၊ စေတီ၊ ဂူ ၁၅ ဆူ စုစုပေါင်း ၃,၈၃၇ ဆူ တည်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်။
#PAN #သနပ်ခါး #ပုဂံ #နံရံဆေးရေးပန်းချီ #စူဠာမဏိစေတီ