(အားကစား) မတ်လ ၃

ဂိုးသမားများ ဘောလုံးကို ရှစ်စက္ကန့်ထက်ကြာအောင် ကိုင်ထားပါက ပြိုင်ဘက်အသင်းကို ထောင့်ကန်ဘော ပေးမယ့် ဥပဒေသစ်ကို နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ (IFAB) က ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
မတ်လ ၁ ရက်က မြောက်အိုင်ယာလန်နိုင်ငံမှာ ကျင်းပတဲ့ IFAB နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှာ ဥပဒေသစ်ကို ကန့်ကွက်သူမရှိဘဲ အားလုံးတညီတညွတ်တည်း ထောက်ခံမှုနဲ့ အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိ ကျင့်သုံးနေတဲ့ ဥပဒေအရ ဂိုးသမားများအနေနဲ့ ဘောလုံးကို ခြောက်စက္ကန့်ထက်ကြာအောင် ကိုင်ထားပါက ပြိုင်ဘက် အသင်းကို တိုက်ရိုက်ကန်သွင်းမှု မဟုတ်တဲ့ ပြစ်ဒဏ်ဘောပေးရန် သတ်မှတ်ထားပါတယ်။
အဆိုပါအချက်မှာ ဂိုးသွင်းယူနိုင်ရန် အခွင့်အလမ်းများတာကြောင့် အသစ်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ရှစ်စက္ကန့်ထက် ကြာအောင် ကိုင်ထားပါက ပြိုင်ဘက်အသင်းအား ထောင့်ကန်ဘောကန်ခွင့်ပြုမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒိုင်လူကြီးက ပြစ်ဒဏ်မပေးမီ ငါးစက္ကန့်ရေတွက်နေပြီဖြစ်ကြောင်း ဂိုးသမားကို သတိပေးရမှာ ဖြစ်ပါတယ်။
အဆိုပါဥပဒေသစ်ကို ဇူလိုင်လတွင် စတင်ကျင့်သုံးမှာဖြစ်ပြီး ၂၀၂၅ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် အသုံးပြုမည်ဖြစ်ကြောင်း သိရပါတယ်။
ဥပဒေသစ်မပြဋ္ဌာန်းမီ ပရီးမီးယားလိဂ်-2၊ မော်လ်ဒိုက်နှင့် အီတလီနိုင်ငံ ရှိ ဘောလုံးပြိုင်ပွဲများတွင် ပွဲစဉ် ၄၀၀ ကျော် စမ်းသပ်အသုံးပြုခဲ့ပါတယ်။ ယင်းသို့စမ်းသပ်ရာမှာ ထောင့်ကန်ဘော သုံးကြိမ်သာ (ပရီးမီးယားလိဂ်-2 တွင်) ခွင့်ပြုရသည်အထိ အောင်မြင်မှုရရှိထားပါတယ်။
Telegram»…
https://t.me/positiveanglenews