အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ကမ္ဘာကြီး

(ဆောင်းပါးကဏ္ဍ) မတ် ၂
နေဇင်လတ်

       ဒုတိယကမ္ဘာစစ်နောက်ပိုင်း နှစ်ပေါင်း ၈ဝ အတွင်း ဒီနေ့ ကမ္ဘာ့အခြေအနေဟာ အဆိုးဆုံးအခြေအနေလို့ ပြောရင်မှားမယ်မထင်ဘူး။ ကမ္ဘာအနှံ့ပဋိပက္ခတွေက မှိုလိုပေါက်နေပြီး အကြီးစား ပဋိပက္ခတွေကတစ်ဆင့် ကမ္ဘာစစ်အထိ အချိန်မရွေးကူးစက်သွားနိုင်တဲ့ အခြေ အနေဖြစ်ပါတယ်။ ရုရှား တီဗီအင်တာဗျူးမှာ Pavel Zarubin ရဲ့ မေးမြန်းခြင်းကို ဗလာဒီမာပူတင် ဖြေသွားပုံက အတော့်ကို ကျောချမ်းစရာ အဖြေလို့ သတ်မှတ်နိုင်ပါတယ်။ ပူတင်ဖြေသွားတာက-
        “ကမ္ဘာ့ကြီးရဲ့ ခြိမ်းခြောက်ခံရမှုဟာ စွန့်စားမှုအဆင့်(Risk Level ) ဆက်တိုက်မြင့်မားလာနေပါတယ်။အနောက်အုပ်စုရဲ့ ခြိမ်းခြောက်မှုကတစ်နေ့ တခြားတိုးမြင့်လာတယ်။ ရုရှားဘက်ကတော့သူတို့ရဲ့ ခြိမ်းခြောက်မှုတိုင်းကို အမြဲပြန်တုံ့ပြန်သွားမှာပါ။ တတိယကမ္ဘာစစ်နဲ့ ပတ်သက်ပြီး ပြောကြဆိုကြတာတွေကို တွေ့ရတယ်။တတိယကမ္ဘာစစ်ဟာ ကြောက်စရာလိုတဲ့အရာ မဟုတ်ပါဘူး” စသဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြေကြားသွားတာတွေ့ရတယ်။

      ကမ္ဘာ့အနှံ့ မြင်တွေ့နေရတဲ့ အခြေအနေအရရော၊ ပူတင်ပြောခဲ့တဲ့ တတိယကမ္ဘာစစ်ဟာ ကြောက်စရာ မလိုပါဘူးဆိုတဲ့ အချက်အရဆိုရင်ရော၊ စစ်ကြီးတစ်ခုဟာ လက်တစ်ကမ်းအလိုကို ရောက်နေပြီလို့ သုံးသပ်နိုင်ပါလိမ့်မယ်။ ပူတင့်စကားကို အဓိပ္ပာယ်ဖွင့်လိုက်ရင် တွေးကြောက်မနေနဲ့တော့ တတိယကမ္ဘာစစ်က ဖြစ်ကိုဖြစ်တော့မှာ”ဆိုတဲ့သဘောတွေ့လာရပါတယ်။

တာဝေးပစ်မစ်ဇိုင်းနဲ့ အရပ်ဘက်ပစ်မှတ်

       သုံးနှစ်လောက် ရှိသွားပြီဖြစ်တဲ့ ယူကရိမ်းစစ်မှာ နှစ်ဖက်စလုံး စစ်ပမ်းနေကြပြီး စစ်ရှိန်တွေလျော့ကြတော့ မလားဆိုပြီး မျှော်လင့်နေတုန်း အမေရိကန်၊ ယူကေ၊ ပြင်သစ်လုပ် တာဝေးပစ်မစ်ဇိုင်းတွေကို ရုရှားနယ်ထဲပစ်ခွင့် ပေးလိုက်ရာကနေပြီး ရုတ်တရက်စစ်ရှိန်ပြန်မြင့်တက်သွားရပါတော့တယ်။ ယူကရိမ်းက US ထုတ် ATACMS, UK ထုတ် Strom Shadows တွေနဲ့ ရုရှားနယ်ထဲ ပစ်ခတ်တယ်။ တချို့ထိခိုက်တယ်။ ရုရှားဘက်ကလည်း ခပ်ပြင်းပြင်းပြန်တုံ့ပြန်လို့ ယူကရိမ်းဘက်ကလည်း အတော်လေး အထိနာသွားတယ်။နောက်တစ်ခါ ရုရှားရဲ့ဆီသိုလှောင်ရုံတွေကို ယူကရိမ်းဘက်က ATACMS တွေနဲ့ပစ်ခတ်လို့မီးအကြီးအကျယ်လောင်ခဲ့ရပြန်ပါသေးတယ်။ ရုရှားဘက်ကလဲ ယူကရိန်းဘက်ကို မစ်ဇိုင်းမိုးခပ်ပြင်းပြင်းတုံ့ပြန်ရွာချလိုက်တာ တွေ့ရတယ်။

       ခရစ္စမတ်မတိုင်မီ ၂၂-၁၂-၂၄ သတင်းမှာတော့ ရုရှားရဲ့ KAZANက အထပ်မြင့်အဆောက် အဦကို ယူကရိမ်းရဲ့ အသေခံဒရုန်း ရှစ်စင်းနဲ့တိုက်ခိုက်သွားပြီး တချို့ကိုသာပစ်ချနိုင်တယ်။ တချို့က အဆောက်အဦကို ထိမှန်ခဲ့တယ်။ ဘာနဲ့သွားတူသလဲဆိုတော့ ၂၀၀၁ ခုနှစ် သမ္မတ Bush(Jr) လက်ထက်၊ အမေရိကန်က WTO-World Trade Organization အဆောက်အဦကြီးကို အကြမ်းဖက်တွေက လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့ပုံစံမျိုးနဲ့ထပ်တူပါ။

       အဲဒီ အဆောက်အဦဟာ ရုရှားရှေ့တန်းနဲ့ မိုင် ၆ဝဝ အတွင်းပိုင်းမှာ တည်ရှိနေတဲ့ အရပ်ဘက်အဆောက် အဦ ဖြစ်ပါတယ်။
• တေယူကရိမ်းဒရုန်းတွေ ရုရှားနယ်မြေအတွင်းပိုင်း မိုင်(၆၀ဝ)အထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်လာနိုင်ပြီလား။
• အရပ်ဘက် ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စတင်တိုက်ခိုက် လာပြီလား။

      မေးစရာ ဖြစ်လာရပါပြီ။ရုရှားဘက်ကတော့ ပြင်းပြင်းထန်ထန်ပြန်ပြီး တုံ့ပြန်တိုက်ခိုက်သွား မယ်လို့ သတင်းထုတ်ပြန်လိုက်တာတွေ့ရတယ်။ အမှန်တကယ်လဲ တုံ့ပြန်တိုက်ခိုက်ပြလေ့ရှိတာတွေ့ရတယ်။ တစ်ခုပဲရှိတယ်။ ယူကရိမ်းလိုအရပ်ဘက်ပစ်မှတ်တွေကို ရုရှားဘက်က တုံ့ပြန်တိုက်ခိုက်သွားမှာလား၊ ရုရှားဘက်က တုံ့ပြန်တိုက်ခိုက်ရင်ပိုမိုပြင်းထန်လေ့ရှိတာကြောင့် အရပ်ဘက် နေရာတွေ ပိုအထိနာရင်အနောက်ဘက်ရဲ့ ထောင်ချောက်ထဲဝင်သွားနိုင်တာကို သတိထား
ရပါလိမ့်မယ်။

        ၂ဝ-၁-၂၅ ရက်မှာ Trump က သမ္မတဖြစ်လာမှာပါ။ အဲ့ဒီကြားထဲ ယူကရိမ်းစစ်ပြေ ငြိမ်း၊ အပစ်ရပ်၊ စစ်ရှိန်လျှော့ကျဖို့ မမြင်နိုင်တော့ပါဘူး။

ထရမ့်ကြိုးစားမှုအောင်မြင်ပါ့မလား

        သမ္မတလောင်းအဖြစ် အရွေးမခံရခင်မှာ “ယူကရိမ်းစစ်ကို တစ်ရက်အတွင်း ရပ်ပစ်မယ်။ ယူကရိမ်းစစ်ကို ရပ်တန့်နိုင်တာဟာ မိမိတစ်ဦးတည်းရှိတယ်”လို့ ထရမ့်ပြောလေ့ရှိပါတယ်။ ရွေးချယ်ခံ သမ္မတဖြစ်လာတဲ့အခါမှာ စစ်ရဲ့အတိမ် အနက်သိသွားတဲ့ ထရမ့်ဟာ ယူကရိမ်း စစ်အပစ်ရပ်ရေး ရက် ၉ဝ အစီအစဉ်ကို ရေးဆွဲပါတော့တယ်။ ၁၅ ချက်လောက်ပါဝင်တဲ့ ထရမ့်ရဲ့ အစီအစဉ်ထဲမှာ အဓိကအချက်တချို့မှာ-
• ရှိဆဲနေရာတွေက နှစ်ဖက်အပစ်ရပ်ရေး။
• ရုရှားထဲမှာ ထိန်းချုပ်မှု အောက်ရောက်သွားတဲ့ နယ်မြေများကို ပြန်လည်တောင်းယူမှုမပြုရေး။
• ယူကရိမ်းကို NATOထဲ နှစ် ၂ဝ အတွင်း ဝင်ခွင့်မပြုရေး။
• မိုင် ၈ဝဝ ရှည်လျားတဲ့ Front Line တစ်လျှောက် ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ချထားရေး။

      ပူတင့်ဘက်က တုံ့ပြန်မှုက ယူကရိမ်းဟာ ဘယ်သောအခါမှ NATO အဖွဲ့ဝင်ဖြစ်တာကို လက်မခံဘူးလို့ဆို ထားတာကြောင့် နှစ်ဖက်သဘောတူကြဖို့ မလွယ်ကူတာကို တွေ့ရတယ်။

       ဒီကြားထဲမှာ NATO အဖွဲ့ထဲက US နုတ်ထွက်မယ်ဆိုတဲ့ ထရမ့်ရဲ့ သဘောထားကလဲ သေချာသလောက်ဖြစ်နေတာကြောင့် US နေရာမှာ UK က ဦးဆောင်မှုဝင်လာပြီး ယူကရိမ်းစစ်ကို ဆက်ပြီး ဆင်နွှဲမယ်ဆိုတဲ့သတင်းတွေကလည်း ဖြစ်လာနေပါတယ်။ NATO ထဲမှာလည်း ယူကရိမ်းစစ်ကို ဆက်တိုက်လိုသူ၊ ဆက်မတိုက်လိုသူဆိုပြီး အုပ်စုကွဲနေပြန်တယ်။ UK က ယူကရိမ်းစစ်ဆက်တိုက်လိုတဲ့ နိုင်ငံ ၁ဝ ခုကို စုစည်းပြီးဦးဆောင်သွားမယ့် အခြေအနေရှိနေလို့ ထရမ့်ရဲ့ ယူကရိမ်းစစ်ရပ်စဲရေးအစီအစဉ် အောင်မြင်ပါ့မလားဆိုတာဖြစ်လာတယ်။

        ယူကရိမ်းစစ်ဆက်ဆင်နွှဲဖို့ ဘတ်ဂျက်တွေ စုဆောင်းနေတဲ့အဆင့် ရောက်လာခဲ့ပါပြီ။ UK က အများဆုံးထည့်ဝင်မယ်လို့ ဆိုထားတယ်။ လောလော ဆယ်ဆက်တိုက်နိုင်အောင်လို့ ဘိုင်ဒင်အိမ်ဖြူတော်က မထွက်ခွာမီ စစ်စရိတ်တွေကို လွှတ်တော်နဲ့ညှိပြီး ယူကရိမ်းကို ပေးအပ်သွားမှာလဲ ဖြစ်ပါတယ်။

      ယူကရိမ်းစစ်မှာ အမေရိကန်က ဦးဆောင်ခဲ့တယ်ဆိုပေမယ့် အတိုင်းအတာ တစ်ခုအထိပဲခွင့်ပြုပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့တာကို တွေ့ရတယ်။ UK က ဦးဆောင်တော့မယ်ဆိုရင် လောလောဆယ် UK ဝန်ကြီးချုပ် Sir Starmer က အတော့်ကို ရန်လိုသူတစ်ဦးဖြစ်ပါတယ်။ ယူကရိမ်းစစ် ရုတ်တရက် ပွင့်ထွက်သွားနိုင်ပါတယ်။ ဆီးရီးယားမှာ အာဆတ်ပြုတ်သွားတာကို UK ဝန်ကြီးချုပ်ဟောင်း Boris Johnsonက ရုရှားတွေ အားနည်းသွားလို့ ဖြစ်ရတာဆိုပြီး ထောက်ပြထားတယ်။ Slarmet ကလည်း ရန်လိုသူဖြစ်လေတော့ ခပ်ပြင်းပြင်းစုပြီးတိုက်ရင် ရုရှားမခံနိုင်လောက်ဘူးလို့လည်း တွက်ဆထားပုံရတယ်။

      ယူကရိမ်းစစ် ဘယ်လောက်အထိ ပေါက်ကွဲထွက်သွားမလဲဆိုတာ ဘယ်သူကမှ မသိနိုင်သေးပါဘူး။ ရုရှားဘက်ကလဲ Orshnik တာလတ်ပစ်မစ်ဇိုင်းတွေ အောင်မြင်တာတွေ့တော့ အများအပြား ထုတ်လုပ်နေပါပြီ။ Oreshnik ထက်သာလွန်တဲ့မစ်ဇိုင်းတစ်မျိုးကိုလည်း တီထွင်ထားတာနောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ကြေညာထားပါတယ်။ အဲ့ဒီလက်နက်တွေဟာ WW-3 ကို မျှော်မှန်းပြီး ထုတ်လုပ်ထားတာဖြစ်လို့ ရုရှားရဲ့ မျှော်လင့်ချက်က WW-3 အထိဆိုတာကို မေးစရာမလိုတော့ပါဘူး။

အီရန်-ဆီးရီးယား

       ဗိုလ်ချုပ်ကြီး Wesely Clark ထုတ်ဖော်ပြောဆိုခဲ့တာက သတိထားစရာပါ။ သူပြောတာက ၂၀၁၇ -၂၀၂၂ ဆိုတဲ့ ငါးနှစ်ကာလအတွင်းမှာ အရှေ့အလယ်ပိုင်းနိုင်ငံ ခုနစ်ခုကိုဆွဲထုတ်သွားဖို့ အစီအစဉ်ဖြစ်ပြီး နောက်ဆုံးအီရန်နဲ့ စီမံကိန်းကိုပိတ်မယ်လို့ဆိုပါတယ်။ ပြောချင်တာက အဲ့ဒီခုနစ်နိုင်ငံမှာ အစိုးရတွေ အပြောင်းအလဲဖြစ်ဖို့ (သို့) ပြည်တွင်းစစ်ဖြစ်ဖို့ကို ရည်ရွယ်တဲ့သဘောပါပဲ။ ဆီးရီးယားမှာတော့ အာဆတ်ပြုတ်သွားခဲ့ပါပြီ။ ပြည်တွင်းစစ်လည်း ဖြစ်ကျန်ရစ်ခဲ့ပါတယ်။

       General Wesley Clark ပြောတဲ့ ၂၀၁၇ ဆိုတာ Trump ရဲ့ ပထမသမ္မတသက်တမ်းဖြစ်နေတာကို တွေ့ရလိမ့်မယ်။ ထရမ့်အနေနဲ့ အခုတစ်ခါ ဒုတိယအကြိမ် သမ္မတဖြစ်လာခဲ့ပြီဆိုတော့ သူ့အစီအစဉ်ကို သေချာပေါက် အကောင်အထည်ပြန်ဖော်မှာ ဗေဒင်မေးစရာ မလိုလောက်အောင်ပါပဲ။ သူ့ရဲ့လောလော ဆယ် အီရန်အပေါ် သဘော ထားတွေနဲ့ ဆက်စပ်ကြည့်လိုက်ရင် ထရမ့်ရဲ့ အခုတစ်ကြိမ် သမ္မတသက်တမ်း ကာလမှာ အီရန်အပေါ် စစ်ရေးဆောင်ရွက်ချက်တစ်ခုက ရှောင်လွှဲလို့မရတော့ဘူးလို့ ခန့်မှန်းနိုင်ပါလိမ့်မယ်။ ပိုဆိုးသွားတာက ထရမ့်သမ္မတ မဖြစ်အောင် အီရန်ရဲ့ နှောင့်ယှက်မှု၊ ထရမ့်နဲ ပတ်သက်တဲ့ အတွင်းရေးကို အီရန်က ဘိုင်ဒင်ဆီပေးပို့ထားမှု၊$ 500,000 ပေးပြီး ထရမ့်ကို အီရန်က လုပ်ကြံခိုင်းမှုတွေထပ်ဆင့်လာတဲ့အတွက် အီရန်ဟာ ထရမ့်ရဲ့ ပစ်မှတ်ဦးစားပေး ဖြစ်လာရမှာ ကြိမ်းသေသလောက်ဖြစ်သွားနေပါပြီ။

       ထူးခြား တိုက်ဆိုင်လာမှုတစ်ခုကို တွေ့လာရပါတယ်။

      နယူးဂျာစီအပါအဝင် အမေရိကန်နိုင်ငံအပေါ်မှာ အမည်မသိယာဉ်ပျံ၊ ဒရုန်းတွေပျံသန်းနေတာကိုနေ့စဉ်လောက်တွေ့ နေရတဲ့ဖြစ်ရပ်က ရက် ဆက်ခပ်စိပ်စိပ်ဖြစ်ပေါ်နေပါတယ်။ ခြေရာခံချက်တစ်ခုအရ အီရန်ရဲ့ မိခင်ယာဉ်ငယ်တစ်စီးက လွှတ်လိုက်တဲ့ ယာဉ်ငယ်/ဒရုန်းတွေလို့ သိရပါတယ်။ မရှောင်သာတဲ့စစ်ဖြစ်လာခဲ့ရင် အီရန်ဘက်ကပြန်လည်တုံ့ပြန်နိုင်အောင်လို့ ကြိုတင်ထောက် လှမ်းချက်တွေလို့ ယူဆစရာဖြစ်လာပါတယ်။ အခုလောက်ဆိုရင် အီရန်ကိုလဲ ရုရှား၊ တရုတ်၊မြောက်ကိုရီးယားစတဲ့ နိုင်ငံတွေက လိုအပ်တဲ့လက်နက်တွေ ထောက်ပံ့ဖြည့်တင်းပေးထားမှာသေချာပါတယ်။

       သမားရိုးကျတိုက်ပွဲတွေနဲ့ အမေရိကန်ကို အီရန်က အနိုင်ရဖို့မမြင်ပါဘူး။ လျှို့ဝှက်လက်နက်တချို့နဲ့ “တစ်ခါကောင်း”အရှိုက်ထိုးနိုင်မယ့် လက်နက်တွေကို စုဆောင်းထားပြီး ဖြစ်မယ်လို့ ခန့်မှန်းရတယ်။ထရမ့်သမ္မတဖြစ်မလာခင်မှာ ဆီးရီးယားကျသွားတာကတော့ အီရန်အတွက်ရော၊ ရုရှားအတွက်ရော အားနည်းသွားတာက ငြင်းမရပါဘူး။

       ဆီးရီးယားမှာ အာဆတ်မရှိတော့တာဟာ အီရန်အတွက်နောက်ကျောမလုံတော့ခြင်းဖြစ်လာရပါတယ်။ ဆီးရီးယားမှာ အာဆတ်ပြုတ်သွားအောင် ပြိုင်တူရုန်းထကြတဲ့ ဖြစ်စဉ်မတိုင်မီအီရန်ရဲ့ လက်ရုန်းဟစ်ဇ်ဘိုလာကို အစ္စရေးက အကြီးအကျယ်ဦးနှိမ်တိုက်ခိုက်ထားတာ တွေ့ရတယ်။ အင်အားအတော်များများကို “ခြွေ”ထားနိုင်ခဲ့တာကိုလည်း သတိထားမိပါတယ်။ နောက်အဖွဲ့က ယီမင်က ဟူသီသူပုန်တွေပါ။ အရင်က အဖွဲ့အင်အားသိပ်မကြီးတဲ့ ဟူသီတွေဟာ အခုတစ်ကြိမ်မှာ Balistic Missile တွေကို ခပ်တွင်တွင် သုံးနိုင်လာတဲ့ အဆင့်ကို ရောက်သွားခဲ့ပါပြီ။ အစ္စရေးနယ်မြေထဲက ဟစ်ဇ်ဘိုလာတွေနဲ့ ဟူသီတွေက ပစ်လိုက်တဲ့ မစ်ဇိုင်းတွေ အတော်များများရှိပြီး တစ်ခါတစ်ရံမှာ စုပြုံပစ်ခတ်တာမျိုးအထိလုပ်လာလို့ အစ္စရေးလေကာစနစ်တောင် အကုန်ကို ပစ်မချနိုင်ပဲ ထိခိုက်မှုတွေ ဖြစ်လာရပါတယ်။

        အင်အားကြီးထွားလာပြီး ခေတ်မီလက်နက်တွေ ပိုင်ဆိုင်လာတဲ့ ဟူသီသူပုန်တွေကို ဒီရက်ပိုင်းမှာ US + UK လေကြောင်းပူးပေါင်းပြီး တိုက်ခိုက်လာရတဲ့အခြေအနေ ဖြစ်လာတာ တွေ့ရတယ်။

        အီရန်နဲ့ စစ်ဖြစ်လာရင် အစ္စလာမ်ကမ္ဘာကြီးပါ ပါလာပါလိမ့်မယ်။ အဲ့ဒီအခြေအနေရောက်ရင် စစ်က ကြီးကျယ်သွားရတော့မှာဖြစ်ပြီး WW-3 အထိ ကူးစက်သွားခွင့်ရှိလာမှာဖြစ်တယ်။

တရုတ်(တိုင်ပေ)လဲ မီးတာဖြစ်လာပြီ

       တရုတ်(တိုင်ပေ)မီးက မငြိမ်းတငြိမ်း၊ မလောင်တလောင်အဆင့်မျိုးပါ။ ဒီတစ်ခပ်ရဲရဲအင်အားကောင်းလာတာတွေ့ရကြိမ်မှာတော့ တရုတ်(တိုင်ပေ)မီးကတယ်။ အမေရိကန်ကလဲ တရုတ်(တိုင်ပေ)ကို $ 4Billion ကျော်ဖိုး စစ်လက်နက်ပစ္စည်းတွေ ရောင်းပေးထားတာတွေ့ရပြီး တရုတ်(တိုင်ပေ)ကလည်း အမေရိကန်ဆီက တိုက်လေယာဉ်တချို့ ဝယ်ယူဖြည့်ဆည်းထားတာတွေ့ရတယ်။

       ၂ဝ၂၇ မှာ တရုတ်(တိုင်ပေ)ကို တရုတ်က စစ်ရေးအရဆောင်ရွက်မယ်ဆိုတဲ့ သတင်းကလည်း ဒီကာလမှာ ပြန်ပြီးကျယ်ပြန့်လာတာတွေ့ရသလို အဲ့သလို ကျယ်ပြန့်လာစေတဲ့ ဖြစ်ရပ်တချို့ကိုလည်း တွေ့လာရတယ်။ တရုတ်(တိုင်ပေ) ပတ်လည်မှာ တရုတ် ရေတပ်စစ်ရေးလေ့ကျင့်ခြင်းကို ပြုလုပ်လာသလို တောင်တရုတ်က ပင်လယ်ဘက်မှာလည်း စစ်သင်္ဘော ၄ဝဝ ကျော် ပါဝင်တဲ့ တရုတ်ရေတပ်အင်အားပြ စစ်ရေးလေ့
ကျင့်မှုကို လုပ်သွားခဲ့တာလည်း ထူးခြားစွာ တိုက်ဆိုင်နေတာ တွေ့ရတယ်။

       တရုတ်(တိုင်ပေ)စစ်နဲ ကမ္ဘာစစ်အထိတော့ ကူးနိုင်လိမ့်မယ်မထင်ပါဘူး။ ဒါပေမဲ့ တရုတ်(တိုင်ပေ)စစ်ကလည်း အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စစ်ရေးကိုအားနည်းစေမှာ အမှန်ပါပဲ။ String of Strategies ဆိုတဲ့ မဟာဗျူဟာအစဉ်တန်းဆိုတာရှိနေပါတယ်။ ဥပမာ- ဟားမက်၊ ဟစ်ဇ်ဘိုလာတွေကို ဦးနှိမ်၊ အီရန်ကို ခြိမ်းခြောက်ထား၊ ယူကရိမ်းစစ်မှာ ရုရှားကို ဖိအားကောင်းကောင်းပေးထားပြီး ဆီးရီးယားကို အပြုတ်ဆော်သွားတာမျိုးပါ။

       မတော်တဆယူကရိမ်းစစ်ပေါ်ထွက်လာလို့ WW-3 ကို ကူးစက်လာရင်း အီရန် စစ်မီးအရှိန်အလွန် အား ကောင်းလာရင် အနောက်အုပ်စုရဲ့ဝိုင်းကူညီမှုကို အင်အားနည်းသွားအောင် တရုတ်(တိုင်ပေ)စစ်နဲ့ ကစားနိုင်ပါတယ်။ ကစားနိုင်တာထက် အဲ့ဒီအခွင့် အလမ်းကို အရယူပြီး တရုတ် (တိုင်ပေ)ကို ဆီးရီးယားလို တရုတ်က သိမ်းပိုက်သွားနိုင်တာကို တရုတ်တွေက တွက်ချက်ထားမိကြမှာပါ။

       ယူကရိမ်းစစ်ပေါ်ထွက်လာရင် ဖြစ်လာမယ့်စစ်ပုံစံက တစ်မျိုးပါ။ ခေတ်မီဆန်းသစ်တဲ့လက်နက်တွေအသုံးပြုပြီး တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်မယ့်စစ်ပုံစံပါ။ ပီပြင်တဲ့ WW-3ဖြစ်လာပါမယ်။ အီရန်ဘက်က ပုံစံကတစ်မျိုးဖြစ်လာပါလိမ့်မယ်။ အစ္စလာမ်ကမ္ဘာပါလာပြီး ဗိုင်းရပ်ကူးစက်သလို . အမှောင်ထဲက လျှပ်တစ် ပြက်ထွက်တိုက်တဲ့ စစ်ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီစစ်မျိုးကို အနောက်အုပ်စုကပိုကြောက်ပါတယ်။ အကြမ်း
ဖက်လုပ်ရပ်တွေနဲ့ ပူးတွဲလာမယ့်စစ်မျိုး ဖြစ်ပါတယ်။

       တရုတ်(တိုင်ပေ)စစ်က ယူကရိမ်း၊ အီရန်ဘက်စစ်ဖြစ်ရင် သိပ်ကြီးကျယ်တော့မယ့် ပုံမပေါ်ပါဘူး။ တရုတ်အားကို တရုတ်(တိုင်ပေ)မခံနိုင်ပါဘူး။ ဒါပေမဲ့ နောက်ပိုင်း ဆက်စပ်လာမှာက Chips War နဲ့ စီးပွားရေးစစ်ဖြစ်လာမယ့် အရေးပါပဲ။

        ကမ္ဘာ့ကျန်းမာရေးအခြေအနေက မြင်ရသလောက်မှာ အတော်မကောင်းတာတွေ့ရတယ်။ လောလောဆယ်မှာကိုက ဗုံးတွေစနက်တံတပ်ပြီး မီးရှို့ရုံပဲ ကျန်တော့တဲ့ အဆင့်မျိုးလို့ယူဆရပြီး အချိန် မရွေးပေါက်ကွဲထွက်နိုင်တဲ့ အခြေအနေ မျိုးဖြစ်ပါတယ်။

#PAN