ရွှေလိုင်စင်အတွက် သုံးနှစ်စာ လိုင်စင်ကြေး ကျပ် ၁၅ သိန်း ပေးသွင်းရမည်


(စီးပွားရေး) ဖေဖော်ဝါရီ ၂၈

ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လုပ်ဆောင်ရာမှာ ၃ နှစ်စာလိုင်စင်ကြေး ကျပ် ၁၅ သိန်း ပေးသွင်းရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေး ထားပါတယ်။

လိုင်စင်ကြေး ၃ နှစ်စာ ကျပ် ၁၅ သိန်းအပြင် ရွှေအရောင်းအဝယ်ပြေစာ စာအုပ် ၂ အုပ်အတွက် ကျပ် ၃၁,၀၀၀ ပါ ပေးသွင်းရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စိန်နန်းတော်ရွှေဆိုင် အပါအဝင် ရွှေဆိုင် ၃၄ ဆိုင်က ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ထုတ်ယူခွင့်ရရှိထားပါတယ်။

လုပ်ငန်းလိုင်စင်ထုတ်ယူခွင့်ရရှိတဲ့ ရွှေဆိုင်တွေအနေနဲ့ နေပြည်တော်မှာရှိတဲ့ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းရုံးအဖွဲ့မှာ လူကိုယ်တိုင်သွားရောက် ထုတ်ယူရမှာဖြစ်ပြီး အဲဒီလို သွားရောက် ထုတ်ယူတဲ့အခါ သတ်မှတ်ပုံစံတွေမှာ အချက်အလက်တွေကို ရွှေဆိုင်ပိုင်ရှင်ကိုယ်တိုင်ဖြည့်သွင်းပြီး လက်မှတ် ရေးထိုးရမှာ ဖြစ်ပါတယ်။

အဲဒီနောက် နေပြည်တော်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ကြေးနဲ့ ရွှေအရောင်းအဝယ်ပြေစာ စာအုပ် ၂ အုပ်အတွက် သတ်မှတ်အခကြေးငွေကို ပေးသွင်း ရမယ်လို့ သိရပါတယ်။

ဘဏ်မှာငွေသွင်းပြီးရင် ငွေသွင်းပြေစာကို အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းရုံးကိုပြသကာ လိုအပ်တဲ့ရုံးလုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်ပြီးစီးရင် လိုင်စင်ကတ်နဲ့ ရွှေရောင်း/ဝယ် ပြေစာစာအုပ် ၂ အုပ် ချက်ချင်းရရှိမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN