နိုင်ငံအပေါ်ဆန့်ကျင်သည့် မည်သည့်ဆောင်ရွက်မှုမျိုးကိုမဆို ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ရှိဟု ရုရှားသံရုံး ထုတ်ပြန်


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၅

ရုရှားအနေဖြင့် နိုင်ငံအပေါ်ဆန့်ကျင်သည့် မည်သည့်ဆောင်ရွက်မှုမျိုးကိုမဆို ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ရှိသည်ဟု ပြင်သစ်နိုင်ငံရှိ ရုရှားသံရုံးက ဖေဖော်ဝါရီလ၂၄ ရက်တွင်ထုတ်ပြန်သည်။

ပြင်သစ်နိုင်ငံ မာဆေး မြို့ရှိ ရုရှား ကောင်စစ်ဝန်ချုပ်ရုံးဝင်းအတွင်း ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပဲရစ်မြို့ရှိ ရုရှားသံရုံး၏ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပေါက်ကွဲမှုသည် အမည်မသိလူအချို့က မီးလောင်ပေါက်ကွဲစေသည့် အရာဝတ္ထုများကို ကောင်စစ်ဝန်ချုပ်ရုံးရှိပန်းခြံအတွင်း သို့ ပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် အရေးပေါ်တုံ့ပြန်မှုများကို လုပ်ဆောင်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်များက ကောင်စစ်ဝန် ချုပ်ရုံး၏ ခြံဝင်းအတွင်း ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မိမိတို့အနေဖြင့် ယူကရိန်းထောက်ခံသူများ၏ရန်စမှုများဖြစ်ပေါ်လာမည်ကို မျှော်လင့်ထားပြီး ရုရှားနိုင်ငံအား ဆန့်ကျင်သည့် မည်သည့်လုပ်ဆောင်ချက်မျိုးကိုမဆို ထိရောက်စွာ တန်ပြန်သွားမည်ဖြစ်ကြောင်း ကောင်စစ်ဝန်ချုပ်ရုံးမှ သံတမန်များက ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်သည် ရုရှားနိုင်ငံက ယူကရိန်းတွင် အထူးစစ်ဆင်ရေးဆင်နွှဲသည့် တတိယမြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ပြင်သစ်နိုင်ငံရှိမြို့ကြီးအချို့တွင် ယူကရိန်း ကို ထောက်ခံသည့်အနေဖြင့် ချီတက်ဆန္ဒ ပြပွဲများကျင်းပရန် စီစဉ်ထားကြောင်း RT သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN