ခေါင်းဆောင်ကောင်း

(ဆောင်းပါးကဏ္ဍ) ဖေဖော်ဝါရီ  ၂၆
ချစ်နိုင်(စိတ်ပညာ)

       လူတစ်ယောက်အား တစ်စုံတစ်ရာကို လုပ်စေချင်သည့်အခါ အဘယ်ပုံခိုင်းရမည်နည်း။ ခိုင်းသောနည်းသည် တစ်မိုးလုံးအောက်တွင် တစ်နည်းသာလျှင်ရှိ၏။ ထိုတစ်နည်းကို သိကြပါ၏လား။ မသိလျှင်မှတ်။

       လုပ်စေလိုက လုပ်ချင်အောင် ပြုရမည်။အခြားနည်းမရှိဟုယုံကြည်ပါလေ။ ပီမိုနင်း (၁၈၈၃-၁၉၃၆) (ဣစာသယစိတ်ပညာဒုတိယတွဲ)

        ကျွန်တော့်ကုသိုလ်ကံအကျိုးပေးကတော့ ပြောရလျှင် ထုတ်ဖော်ကြွားဝါရာ ရောက်လောက်အောင်ပင် သူများနှင့်မတူဘဲ တစ်မူထူးခြားကွဲပြားပါ၏။ လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ကျော်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သော ကျောင်းသားသည် မိမိစိတ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကို ရွေးချယ်တက်ခွင့်ရှိခဲ့သည်။ တက်ချင်သောတက္ကသိုလ်ကို တက်ရန်ခွင့်ပြုခဲ့သည်။ မိမိတို့ တက္ကသိုလ်ဝင်တန်းအောင်မြင်သော အချိန်ကို ရောက်လာခါမှ ပညာရေးစနစ်သစ်ဟု ပြောင်းလဲသစ်လွင်သော စနစ်သစ်တစ်ခု ဖြစ်ပေါ် ကျင့် သုံးပြီး လျှောက်ထားသော ကျောင်းသားများအနက် စာမေးပွဲဘာသာရပ် ရမှတ်နှင့် အိုင်အယ်လ်အေ ရမှတ်တို့အရ ပညာရေးဌာနက စိစစ်ရွေးချယ်စီမံပြီး ပို့ချင်ရာပို့လိုက်လေတော့သည်။ မိမိလျှောက်သော ဘာသာကို ထိုကျောင်းသား သည် ရောက်ချင်မှရောက်လေသည်။ အများစုသော ကျောင်းသားကျောင်းသူများသည် မိမိမလျှောက်သော တက္ကသိုလ်၊ မိမိမသင်ယူလိုသော ဘာသာသို့ ရောက်သွားကြလေသည်။ ထိုကဲ့သို့
ရောက်ချင်ရာသို့ မရောက်ဘဲ ကံစမ်းမဲပေါက်ရာဘာသာကို တက်ရောက်သင်ယူကြရသူတွေများသော ခေတ်ပြိုင်ကာလကြီးမှာ ရောကောသောကောနှင့် မိမိလည်း မျောပါလာခဲ့လေ၏။

        ဟ…ဒါများ ကုသိုလ်ကံကောင်းတယ်လို့ ကြံဖန်ပြီးကြွားချင်နေသေးသလားကွဲ့၊ မောင်လူပေါရဲ့ဟု အထင်တော်မစောလိုက်ပါနှင့်။ အပြစ်တင် စကားမပြောမိပါစေနှင့်။ ကိုယ့်အမှတ်အခြေအနေရောက်ရှိနိုင်စွမ်းကိုဘာမှ မသုံးသပ်၊ မတွက်ဆတတ်ဘဲ လျှောက်လိုသော တက္ကသိုလ်ကိုလျှောက်နိုင်ပါသည်ဟု ဖွင့်ပေးသည့်အချက်ကိုသာ အတည်ယူအဟုတ်မှတ်ကာ (အတော်ပင် ရူးကြောင်ကြောင်နှင့်အတွေးခေါင်ကာ) စက်မှု (ဗိသုကာ)၊ သစ်တော၊ စီးပွားရေး၊ ဥပဒေဟူသော ဘာသာရပ်လေးမျိုးကို ထိပ်ဆုံးကွက်လပ်လေးခုတွင် ရေးပို့လိုက်လေသည်။

       မရခဲ့ပါ။ တစ်ခုမှ မပေးပါ။ ကံကောင်းစွာ တက္ကသိုလ်လမ်း “အကယ်၍ ညွှန်စာရွက်များပါသော သင်လျှောက်သော အထက်ပါ ဘာသာရပ်ကို ဝင်ခွင့်မရပါက နောက်ထပ်ဆန္ဒရှိသော ဘာသာရပ်တစ်ခုကို ဖော်ပြလျှောက်ထားနိုင် သည်။ “အချက်ကြောင့် မိမိနှစ်သက်သော “စိတ်ပညာ”ကို ရနိုင်လျှင် တက္ကသိုလ်တက်၍ ဆက်လက်သင်ယူမည် စိတ်ကူးနှင့်စိတ်ပညာ Psychology ထိုကွက်လပ်၌ စာတစ်ကြောင်း ဖြည့်ခဲ့လိုက်ပါ၏။ မှန်ပါသည်။ ရန်ကုန်တက္ကသိုလ်တက်ခွင့်ရသော ကျောင်းသား စိတ် ပညာပထမနှစ်အမည်စာရင်းနှင့် ခုံနံပါတ်တွင် မိမိမပါခဲ့သော်လည်း မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ် စိတ်ပညာတက္ကသိုလ်ဝင်ခွင့်ရသူ ၈ဝ ဦးတွင်တော့ (အမှတ်စဉ် – ၂၄ )တွင် မိမိခုံနံပါတ်နှင့် အမည်တွေ့ရလေပြီ။ ထိုခေတ်က အင်္ဂလိပ်သတင်းစာတွင် တက္ကသိုလ်ဝင် ခွင့်ရသူများအမည်စာရင်းကို ဖော်ပြခဲ့လေသည်။

       ဤကမ္ဘာမြေပေါ်ဝယ် ကျွန်တော့်လောက်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့သူ ရှိမည်မဟုတ်ပါ။ အစ်မတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်၊ စက်မှုတက္ကသိုလ်သို့ အရင်နှစ်ကသွားတက်နေကြသဖြင့် (ကလေးအတွေးမျိုး၊ သူတို့နောက်ကကပ်လိုက်၍) စက်မှုတက္ကသိုလ် တက်ချင်သလိုလို ရှိမိသော်လည်း စိတ်ပညာအဓိကကျောင်းသားဖြစ်ခွင့်ရပြီဟု သိရသည့်အချိန်တွင် မိမိလို ကြည် နူးကျေနပ်သော စိတ် ပညာကျောင်းသားတော့ရှိမည်မထင်။ ၁၉၇ဝ ပြည့်နှစ် မိမိစိတ်ပညာနှင့်ဘွဲ့ရခဲ့သည့်နှစ်မှယနေ့အထိ အမည်နောက်တွင် မိမိကဲ့သို့ စိတ်ပညာကိုကွင်းစ ကွင်းပိတ်ဖြင့် ဂုဏ်ယူဖော်ပြသူဟူ၍ (၁)ဒေါက်တာမြင့်လွင် (စိတ်ပညာ) ၊ (၂)မြမြဆွေ(စိတ်ပညာ)ဟူသော တက္ကသိုလ် ပါမောက္ခချုပ်တစ်ဦးနှင့် စိတ်ပညာ ကထိကကြီးတစ်ဦးသာ တွေ၊မိပါ၏။

       မြန်မာနိုင်ငံမှာ စိတ်ပညာဘာသာရပ်ကို စတင်မျိုးစေ့ချ၍ ပျိုးထောင်ခဲ့ကြသော ဒေါက် တာလှဖူး၊ ဒေါက်တာလှသွင်၊ ဒေါက်တာကျော်စိန်၊ တက္ကသိုလ်ပရိဝုဏ်နယ်နိမိတ်ကို ကျော်လွန်သော စာပေအနုပညာနယ်ပယ်အထိ လူသိများထင်ရှားအောင် စွမ်းဆောင်ခဲ့ကြသော ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၊ ဦးဖေချစ် (စိတ်ပညာ)၊ ခင်မောင်သန်း(စိတ်ပညာ)၊ ဆရာကြီးဦးအုန်းဖေ၊ ဒေါက်တာညီဝင်းမှန်၊ ဗိုလ်မှူးကြီးအုန်လှိုင် (စိတ်ပညာ)စသော မိမိတို့ဆရာ၊ ဆရာမကြီးများ၏ ကျေးဇူးကြောင့် ဘဝတစ်သက်တာလုံး စိတ်ပညာကျောင်းသားအဖြစ်ခံယူလေ့လာ ခဲ့ပါသည်။ ဉာဏ်ရည်၊ မှတ်ဉာဏ်၊ ဗီဇနှင့် ပတ်ဝန်း ကျင်၊ ကိုယ်ရည်ကိုယ်သွေး၊ လေ့ကျင့်ရေး၊ ခေါင်းဆောင်မှု၊ ဆက်ဆံရေး၊ စံလွှဲ(စိတ်ပညာ)၊ စိတ်ရောဂါကျန်းမာမှု အစရှိသည်တို့ကို ဆည်းပူးခွင့်ရခဲ့သည်။

       စိတ်ပညာနယ်ပယ်က ကျယ်ဝန်းပါ၏။ ကလေး စိတ်ပညာဖွံ့ဖြိုးမှု၊ စိတ်ပညာ၊ ပညာရေးစိတ်ပညာ၊ ကုခန်းစိတ်ပညာ၊ အကြံပေးစိတ်ပညာ၊ အာကာသစိတ် ပညာ၊ ကုန်ထုတ်လုပ်မှုစိတ်ပညာ၊ ဆက်ဆံရေးစိတ် ပညာ၊ စံလွှဲစိတ်ပညာ စသည် စသည် မိမိကြားဖူးနားဝမျှသာ သိပြီး ထဲထဲဝင်ဝင်ကျွမ်းကျွမ်းကျင်ကျင်မတတ်သေးသော ဘာသာရပ်သင်ခန်းစာ နယ်ပယ်များလည်းကျန်ရှိနေပါသေး၏။ မည်သို့ပင်ဖြစ်စေ စိတ် ပညာဘာသာရပ်ကို မိမိနှစ်သက်မြတ်နိုး၍ တန်ဖိုးထားစွာလေ့လာဆည်းပူးနေဆဲပင်။

       စိတ်ပညာကို နားမလည်သူ တစ်ယောက်က အခြားသူတစ်ယောက်ဆီက ငွေကိုယူချင်သည်ဆိုလျှင် သေနတ်ပြ၍ သို့မဟုတ် ဓားမြှောင်ထောက်၍ လုယက်ပေလိမ့်မည်။ စိတ်ပညာကို တတ်ကျွမ်းသူတစ်ယောက်အဖို့မူ ထိုသူကို သိနားလည်အောင် ပထမချဉ်းကပ်၍ သူပေးချင်အောင် စကားပြောဆိုတတ်လျှင် ရနိုင်ပါသည်။ ဗေဒင်ဆရာ၊ လက္ခဏာဆရာတစ်ချို့သည် ဤနည်းအားဖြင့် ထမင်းစားရုံမျှမက တိုက်ဆောက်နေနိုင်ခဲ့ကြပါသေး၏။ ရသအနုပညာဖန်တီးမှုအဖြစ် လူ့သဘော လူ့သဘာဝ၊ လူ့လောကအဖြစ် အပျက်များကို စာဖတ်သူက စိတ်ဝင်တစား အငမ်းမရ ရှာဖွေဖတ်ရှုရလောက်အောင် ကမ္ဘာကျော် အရောင်းရဆုံး၊ လူဖတ်အများဆုံး၊ ချီးကျူးဂုဏ်ပြု၊ ဆုပေးခံရဆုံး ဂန္ထဝင်ဝတ္ထုရှည်ကြီးများ ဖန်တီးရေးသားနိုင်ကြသူကြီးများသည် စိတ်ပညာကို နားလည်ထွင်းဖောက်၍ သဘော ပေါက်ခဲ့ကြသော စာရေးဆရာကြီးများပင်
မဟုတ်ပေလော။

       ကမ္ဘာကျော် အကြံပေးတိုးတက်ကြီးပွားရေးစာပေများ ရေးသားနေကြသူများသည်လည်း လူ့သဘော လူ့သဘာဝ စိတ်ပညာကို လေ့လာတတ်ကျွမ်းသူများဖြစ်ကြပါ၏။ တိုနီရော်ဘင်၊ ဂျန်စီမက်ဇ်ဝဲလ်၊ နပိုလီယံဟီးလ်၊ ဒေးကာနက်ဂျီ၊ ရောဘတ်ဂရင်း၊ စတီဗင်ကိုဗီး၊ မက်ခ်ဗစ်တဟန်ဆင်၊ ဂျင်ရွန်၊ ဒေါက်တာဒေးဗစ်နီဗင်၊ ဝီလျံကလီမင့်စတုန်း၊ မားကတ်အော်ရေးလီးယပ်စ် (၁၂၁-၁၈ဝ) စသော လူ့စိတ်အကြောင်း အကြံကောင်းဉာဏ် ကောင်း ရေးခဲ့သောသူများအားလုံးသည်လည်း လူ့လောကကို သာယာလှပအောင်၊တိုးတက်ဖွံ့ဖြိုးအောင် တစ်ထောင့်တစ်နေရာမှ ပါဝင်ရေသား ထမ်း ရွက်ခဲ့ကြသူများဟု တွေ့ရပါ၏။ ဆရာကြီးအောင်သင်း (၁၉၂၇-၂၀၁၄)၏ အဆိုအမိန့်တစ်ခုကလည်း စာရေးသူအတွက် အားတက်စေခဲ့၏။ တာဝန်နှင့်ပတ်သက်၍ရေးခြင်းဖြစ်၏။
        “တာဝန်သိခြင်းသည်ကိုယ်ကျင့်။ တာဝန်ယူ
         ခြင်းသည် သတ္တိ။ တာဝန်ထမ်းဆောင်နိုင်   
         ခြင်းသည်စွမ်းရည်။”

        နောင်လာနောင်သား လူငယ်များအတွက် မိမိတို့၏ လက်ရှိဘဝအခြေအနေထက် ပိုမိုတိုးတက် ကောင်းမွန်အောင် အသိအမြင် အတွေးအခေါ်ဉာဏ်ပညာအမွေများ မျှဝေနေရပေမည်။ ဆရာ
ကြီး ဦးဖေမောင်တင်က သူ့တပည့်များကို သူ့ထက်သာလွန် ထူးချွန်စွာ စွမ်းဆောင်နိုင်အောင် ပခုံးပေါ်ထမ်းတင်၍ သင်ကြားညွှန်ပြခဲ့၏။ထို့ကြောင့်ပင် ဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ ဒေါက်တာလှဘေ၊ ဦးအေးမောင် (တက္ကသိုလ်မောင်သန့်စင်) စသည့် ထူးခြားထူးချွန်သောပုဂ္ဂိုလ်များစွာအား တိုင်းပြည်နှင့် လူမျိုးအတွက် ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ နယ်ပယ်တွင် ကြီးမားစွာအကျိုးပြုခဲ့ကြသူများအား မွေးထုတ်သွားခဲ့လေသည် မဟုတ်လော။

       ခေါင်းဆောင်ကောင်းများနေရာအနှံ့အပြားမှာလိုအပ်ပါသည်။ ထူးချွန်သော ခေါင်းဆောင်ကောင်းများ နယ်ပယ်အများအပြားဝယ်လိုအပ်နေပါသည်။ ရထားသံလမ်းပေါ်တွင် လူစီးတွဲ၊ ကုန် တွဲ၊ ကျောက်တွဲ၊ ကြံတွဲ၊ သစ်တွဲ၊ ဆီတွဲစသည်တို့လိုအပ်ပါသည်။ ရှိကြရပေမည်။ ထိုတွဲများ လိုရာရောက်အောင် ဆွဲဆောင်ပို့ဆောင်သွားကြမည့် စက်ခေါင်း၊ ခေါင်းတွဲကောင်း ကောင်းတွေလည်း တည်ဆောက်ထားပြီး များပြားစွာ ပြည့်စုံရမည်။ လေ့ကျင့်မွေးမြူပျိုးထောင်ပေးနေရပေမည်။ ခေါင်းဆောင်ပျိုးထောင်ခြင်းသည် အလွန်လိုအပ်သည်။ အလွန်အရေးကြီးသည်။ အလွန်အဖိုး တန်သော အပိုင်းကဏ္ဍဖြစ်သည်ဟု စာဖတ်နေသူ အပါအဝင်ပြည်သူအများ နားလည်သိမြင်စေလိုပါသည်။ ပတ္တမြားအကြောင်း၊ မြင်းအကြောင်း၊ ကျွမ်းကျွမ်းကျင်ကျင် မတတ်ဘဲရှိစေဦး၊ တစ်စွန်း တစ်စ၊ စိုးစဉ်းသိရုံမျှနှင့်ထမင်းဝ၏ ဟူသော မြန်မာဆိုရိုး စကားကဲ့သို့ ခေါင်းဆောင်မှုပညာရပ်ကားတတ်ကျွမ်းနိုင်သမျှလေ့လာလိုက်စား၊ လိုက်နာကျင့်သုံးသွားရန် လိုအပ်နေပါသည်။ ဆယ်အိမ်မှူးမှ အစ၊ အတန်းခေါင်းဆောင်ကျောင်းသားလေးမှ အစ၊ မြို့နယ်၊ ခရိုင်၊ နိုင်ငံအထိ ခေါင်းဆောင်အားလုံးခေါင်းဆောင်ကောင်းများဖြစ်အောင် ရှေ့ရှုတည်ဆောက်ကြရပေမည်။

       ခေါင်းဆောင်လက္ခဏာများကိုသိထားသင့်ပါ၏။
( ၁ ) ရိုးသားဖြောင့်မတ်အောင် လေ့ကျင့်ရပါမည်
( ၂ ) အမြော်အမြင်ရှိ
( ၃ ) သဘောထားကြီးမြင့်
( ၄ ) ဉာဏ်ရည်ထက်မြက်
( ၅ ) ယှဉ်ပြိုင်ရင်ဆိုင်ရဲ
( ၆ ) တရားမျှတ
( ၇ ) အမှန်တရား မြတ်နိုးတတ်
( ၈ ) စိတ်ကူးစိတ်သန်းကောင်း
( ၉ ) ပေးဝေထောက်ပံ့တတ်
(၁ဝ) ယုံကြည်အားကိုးထိုက်ခြင်း(Relibility)
        လိမ်ညာတတ်သူကား မယုံကြည်ရပါ)

       ခေါင်းဆောင်နေရာတာဝန်ယူရမည့်သူအတွက် ထိရောက်အောင်မြင်ရန်လေ့ကျင့်ထားစေလိုသော အရေးကြီးအချက်များကို ဖော်ပြပါမည်-
( ၁ ) စိတ်ပါလက်ပါနားထောင်တတ်ခြင်း
( ၂ ) သင့်ရဲ့မိုးကုပ်စက်ဝိုင်းကို ချဲ့ပါ(ဆည်းပူး
        လေ့လာ)
( ၃ ) လူတွေနှင့်များများထိတွေ့ရမည်။စိတ်ဝင်စား
        ပါ။
( ၄ ) ပြောဟန်ဆိုဟန်လေသံ ခွန်အားပါရမည်။
( ၅ ) အကောင်းမြင်စိတ် ထားရှိပါ။
( ၆ ) ဟာသလေးတွေရှာထား၊ ပြောပါ၊ မျှဆပါ။
        (သူတစ်ပါးပြုံးပါစေ၊ ရယ်ပါစေ)
( ၇ ) ပြဿနာတွေ ရှင်းပေးမယ်။ (ကြံရည်
        ဖန်ရည်၊ အကြံသစ်ဉာဏ်သစ်ထုတ်နိုင်)
( ၈ ) ကြီးကြီးငယ်ငယ်လေးစားတယ်။ (မျက်နှာမ
        လိုက်နှင့်)

        လူတွေအများစုက လူစီးတွဲ၊ကုန်တွဲပမာ နောက် လိုက်ငယ်သားများသာ ဖြစ်ကြပါသည်။ရထားခေါင်း တွဲသာ စက်ခေါင်းပီပီတွဲပေါင်းများစွာ ဆွဲခေါ်သကဲ့သို့ ခေါင်းဆောင်ကောင်းက မိမိအသင်းအဖွဲ့(အုပ်စု၊ ရပ်ကွက်၊ ဌာန)ကို မြှင့်တင်ပြောင်းလဲနိုင်ရပေမည်။ ရှိရမည့် လက္ခဏာအင်္ဂါရပ်များမှာ အောက်ပါအချက်များဟု သိရှိထားစေလိုပါ၏။
( ၁ ) နားလည်သဘောပေါက်လွယ်(ဒုံးမဝေးနှင့်)
( ၂ ) ပြန်လည်ရှင်းပြတတ်(အတွေးရှင်း၊ အရေး
        ရှင်း၊ အပြောရှင်း၊ နားလည်မစတတ်)
( ၃ ) စိတ်တည်ကြည်
( ၄ ) ဉာဏ်ရည်မြင့်
( ၅ ) ဆက်ဆံရေးကောင်း
( ၆ ) ဖန်တီးတီထွင်တတ်
( ၇ ) ရိုးသားဖြောင့်မတ်(လိမ်ညာဖြီးဖြန်းမလုပ်
        တတ်)
( ၈ ) ဆွဲဆောင်နိုင်သော ဥပဓိရုပ်၊ လေသံ၊
        ဟန်ပန်
( ၉ ) ဆောင်ရွက်ချက်(ရလဒ်၊ကောင်းမွန်)
(၁၀) ကူညီလိုစိတ်၊ အများအကျိုးဆောင်လို
        စိတ်(တစ်ကိုယ်ကောင်းမဆန်ရ)

        မှန်သည့်အတိုင်းဖော်ပြရသော် လိမ်ညာဖြီးဖြန်းသူများအား ယုံစား၊ အဟုတ်မှတ်ခဲ့ခြင်းနှင့် တစ်ကိုယ် ကောင်းဆန်သူများကို ခေါင်းဆောင်နေရာ ရွေးချယ်ပေးမိမှားခဲ့ကြသဖြင့် နိုင်ငံသည် ပြာပုံဘဝကျရောက်ရတော့သည်။ သင်ခန်းစာ ယူကြပြီး အနာဂတ်သမိုင်းသစ်ကို လူသစ် အမြင်သစ်၊ အကောင်းအသစ်ဖြစ်အောင် ပြောင်းပစ်နိုင်စေရန်ကား ခေါင်းဆောင်ကောင်းများလေ့ကျင့်ပျိုးထောင်သွားကြရန် လိုအပ်ပါလိမ့်မည်။

#PAN